ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Mr. Arghya Sinha Roy ဦးဆောင်သောအဖွဲ့နှင့် Community and Family Services International (CFSI) အဖွဲ့မှ Mr. Steven Muncy ဦးဆောင်သောအဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

05_Pic_02
Source:  MSWRR

၄-၅-၂၀၁၇၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် “မြန်မာနိုင်ငံပြည်သူလူထုသဘာဝဘေးရင်ဆိုင် တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေးအမျိုးသားအဆင့်မူဘောင်”ကို ၂၀၁ရခုနှစ်၊ မတ်လတွင် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။  အဆိုပါမူဘောင်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အာရှဖွံဖြိုးရေးဘဏ်မှ စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုဆိုင်ရာ နည်းပညာအကူအညီတစ်ရပ်ကို အမေရိကန်ဒေါ်လာ (၇.၅) သန်းဖြင့် ပေးအပ်နိုင်ရေးညှိနှိုင်းဆွေးနွေးရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ Mr. Arghya Sinha Roy ဦးဆောင်သောအဖွဲ့က ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ယနေ့နံနက် (၉း၃၀) အချိိန်တွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် အဆိုပါအကူအညီသည် စီမံချက် နယ်မြေဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများအနေဖြင့် သဘာဝဘေးဖြစ်နိုင်ခြေနှင့် ဆုံးရှုံးနိုင်မှုအ‌ခြေအနေများ၊ သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်မှု၊ အဆင်သင့်ဖြစ်မှုစသည်တို့ကိုဖော်ထုတ်သိရှိနိုင်စေပြီးစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ဘေးဒဏ်ခံနိုင် ရည်ရှိသောရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မည့် စွမ်းဆောင် ရည်ရှိလာစေရန်နှင့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ အကြားတွင် ဘေးဒဏ်ကြောင့် ဆုံးရှုံးမှုလျော့နည်းစေရန် ဘဏ္ဍာငွေ စီစဉ်ဆောင်ရွက်မှုစွမ်းရည်များတိုးမြှင့်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ရွေးချယ်ထားသည့် စီမံ ကိန်းဒေသတွင် ဘေးဒဏ်ကျရောက် နိုင်မှုဆန်းစစ်ချက်များကို စနစ်ကျနစွာဆန်းစစ်ဖော်ထုတ်ပြီး အာမခံဆိုင်ရာမူဝါဒများဖော်ထုတ်ချမှတ်နိုင်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးဒဏ်ထိခိုက်နိုင်မှုဆိုင်ရာ မှန်ကန်သောသတင်းအချက်အလက်များကို အသုံးပြုလျက် ဘေးဒဏ်ခံနိုင်သော ဖွံ့ဖြိုးတိုးတက်မှု ကိုဖော်ဆောင်နိုင်ရေး အတွက် အထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်းနှင့်အဆိုပါ နည်းပညာအကူအညီစီမံချက်ကိုဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DACU) ၏ ခွင့်ပြုချက်ရရှိရေးနှင့် ဘဏ္ဍာရေးစည်းမျည်းစည်းကမ်းများနှင့် အညီဆောင်ရွက်နိုင်ရေးအတွက်လိုအပ်သည့် လုပ်ငန်းစဉ်များညှိနှိုင်း ဆောင်ရွက်သွားရေး တို့ကိုဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ စီမံကိန်းအကောင်အထည်ဖော်ရေးတွင် ပါဝင်ပတ်သက်နေသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ နံနက် (၁ဝး၃၀) နာရီတွင် Community and Family Services International (CFSI) အဖွဲ့မှ Executive Director ဖြစ်သူ Mr. Steven Muncy ဦးဆောင်သောအဖွဲ့ကလာရောက်တွေ့ဆုံခဲ့ပါသည်။

CFSI အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေး ထိုး၍ မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းဆိုင်ရာပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသောအဖွဲ့ဖြစ်ပြီးဝန်ကြီးဌာနှင့် ပူးပေါင်း၍ လူမှုရေးလုပ်ငန်းဆိုင်ရာ ပညာရပ် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးနိုင်မည့် ကာလတို သင်တန်း များဖွင့်လှစ်ရေး၊ ဒီပလိုမာလက်မှတ်များ ထုတ်ပေးနိုင်မည့် ကာလ ရှည်သင်တန်းများ ပူးပေါင်း ဖွင့်လှစ်ရေး၊ လူမှုရေး ပညာဆိုင်ရာ ပါရဂူဘွဲ့ပညာသင်ဆုပေးအပ်နိုင်ရေး၊ ဟင်္သာတမြို့ရှိသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်းနှင့် ချိတ်ဆက်၍ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး (Disaster Relief) အွန်လိုင်းသင်တန်းများဖွင့်လှစ်နိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events