နေပြည်တော်၊ ၂၆-၄-၂၀၁၇
ပြည်သူလူထုအတွက် ထိရောက်ပြီး ရေရှည်အကျိုးဖြစ်ထွန်းစေသည့် ဝန်ဆောင်မှုများဖြစ်စေရေး၊ ပြည်သူ အစိုးရနှင့် အကူအညီပေးရေးဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အခြေပြု အဖွဲ့အစည်းများအကြား လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစေရန် စနစ်တစ်ခုတည်ဆောက်နိုင်ရေး လူမှုရေးအဖွဲ့အစည်းများ ပြည်သူ့အကျိုးဆောင်ရွက်မှု ဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ပြည်ထောင်စုဝန်ကြီးက ပြည်သူတို့၏ အလိုဆန္ဒနှင့်အညီ ပြည်သူတို့၏ လိုအပ်ချက်များကို အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် ဒီမိုကရေစီအဆင့်အတန်းကို မြှင့်တင်ပေးခြင်းပင်ဖြစ်ကြောင်း၊ လူမှုရေး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများအများအပြားရှိပြီး မိမိတို့၏ဦးတည်ချက်များအလိုက် လုပ်ငန်း စဉ်များကို လုပ်ပုံလုပ်နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြရကြောင်း၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူများ အတွက် ရေတို၊ရေရှည်အကျိုးဖြစ်ထွန်းစေသည့် ဝန်ဆောင်မှုများကို မှန်ကန်ထိရောက်စွာ ဆောင်ရွက်ပေးရန် လိုကြောင်း၊ အစိုးရအဖွဲ့သစ်အနေဖြင့် ပြည်သူများလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားရှိ ပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း လူတိုင်း အခြေခံလူအခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီဖြစ်စေရေး၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှု အသိုက်အဝန်းတစ်ရပ်ပေါ်ထွန်းလာစေရေးတို့ကို မူဝါဒသစ်များချမှတ်ပြီး လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူ များနှင့်အတူပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၁၇) ရပ်ကိုလည်း ပြည့်ဝစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်ပြီး စနစ်တကျရှိသော လူမှုအဖွဲ့အစည်းများဖြစ်ပေါ်လာစေရေးအတွက် လုပ်ငန်းနယ်ပယ်အတွေ့အကြုံများအလိုက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပါရန် ပြောကြားပါသည်။ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လူမှုရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍ တာဝန်ယူ ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုနှင့် လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်နေမှု များအားလည်းကောင်း၊ တက်ရောက်လာသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားလှယ်များက လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ စနစ်ကျပြီးခိုင်မာအားကောင်းသည့် လူမှုအဖွဲ့အစည်း များဖြစ်ပေါ်လာရေးကိစ္စရပ်များအား အကြံပြုဆွေးနွေးခဲ့ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနကဦးဆောင်၍ လူမှုအဖွဲ့အစည်းများ ပြည်သူ့အကျိုးဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲတစ်ခုကျင်းပနိုင်ရေး အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။