စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ကလေးခရိုင်နှင့် ချင်းပြည်နယ်ဒေသအချို့တို့တွင် ရေဘေးသင့်ခဲ့သည်။ သို့ဖြစ်ရာ အဆိုပါရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ တပ်မတော်မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင့်အဖွဲ့များနှင့် အဖွဲ့အစည်းအသီးသီးမှ စေတနာရှင်ပြည်သူများက လှူဒါန်းသည့် ပစ္စည်းများကို သြဂုတ်လ (၈) ရက်နေ့၊ နံနက် (၉) နာရီခွဲအချိန်က မုံရွာမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ ကလေးမြို့သို့ ဦးမျိုးဝင်း+ဒေါ်မြမြဝင်း “အောင်မြသန်း” ရေယာဉ်မိသားစုက ဇက်ရေယာဉ် (၅) စီး၊ အမြန်ယာဉ် (၂) စီး၊ စုစုပေါင်း ရေယာဉ် (၇) စီးဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့သည်။
အဆိုပါရေယာဉ် (၇) စီးတွင် ဆန်အိတ် (၈၄၆၁) အိတ်၊ ရေသန့် (၅၃၈၀) ကဒ်၊ မီးစက်တစ်လုံး၊ မီးစက် (၂) လုံး၊ ထန်စဖော်မာ (၃) လုံး၊ ထွန်စက် (၅၀) စီး၊ ပစ္စည်းစုံ ဂျက်ဖာ/ အိတ် (၁၂၅၀) လုံး၊ ဖယောင်းတိုင်ဂျက်ဖာပီနံ (၂၇၀၀) အိတ်၊ ဒီဇယ် (၅၀) ဂါလံပါ ပီပါ (၁၀၀) လုံး၊ ဓာတ်ဆီ (၅၀) ဂါလံပါ ပီပါ (၂၀) လုံး၊ စားသုံးဆီ (၅) ပိဿာဝင် (၈၀၀) ပုံး တင်ဆောင်သွားကြပါသည်။
ကလေးခရိုင်နှင့် ချင်းပြည်နယ်ဒေသ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် ပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ်အခွန်များဦးစီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က တာဝန်ယူပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ (တိုင်းဒေသကြီး ပြန်/ဆက်)