၁။ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်ရေး ဧရာဝတီတိုင်းဒေသကြီးတွင် ရပ်ကွက်/ကျေးရွာများ၌ ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၃-၄-၂၀၁၇)ရက်နေ့ နံနက်ပိုင်း၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နှင့် ဖျာပုံမြို့နယ်၊ ကျုံကန်ကျေးရွာတို့တွင် ရပ်ကွက်ကျေးရွာရှိ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ပညာရှင်များ၏လေ့လာဆန်းစစ်ချက် များအရ ကမ္ဘာ့နိုင်ငံ (၁၇၁) နိုင်ငံတွင် သဘာဝ ဘေးဖြစ်ပွားမှု၌ မြန်မာနိုင်ငံသည် ဖြစ်ပွားအများဆုံးအလိုက် အဆင့်(၄၂)တွင်ရှိပြီး သဘာဝ ဘေးရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်မှုတွင် အဆင့်သင့်မဖြစ်ခြင်းအဆင့်(၁၅)တွင် ရှိပါကြောင်း၊ ယေဘုယျအားဖြင့်ဆိုရသော် သဘာဝဘေးဖြစ်ပွားမှုများပြားပြီး ရင်ဆိုင် တုံ့ပြန်နိုင်ရန် အဆင်သင့်ဖြစ်မှု လိုအပ်နေသည်မှာ ထင်ရှားပါကြောင်း၊ ၄င်းအခြေအနေများသည် နိုင်ငံတစ်နိုင်ငံ၏ လမ်းတံတားအဆောက်အဦများ ကြံ့ခိုင်မှုအခြေအနေ၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း၊ ပို့ဆောင်မှု၊ လုံခြုံမှုမရှိခြင်းနှင့် ဆက်သွယ်ရေးစနစ်လိုအပ်မှုများ၊ လျှပ်စစ်စွမ်းအင်သုံးစွဲမှု မလုံလောက်ခြင်းစသည့် အချက်များပေါ်တွင် မူတည်သည်ကို လေ့လာ တွေ့ရှိရပါကြောင်းနှင့် သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အဆင်သင့်ဖြစ်ရေးဆောင်ရွက်ရာတွင် အစိုးရအဖွဲ့သစ်အနေဖြင့် အဓိကကျသော လမ်းတံတားကြံ့ခိုင်ရေး၊ ပို့ဆောင်မှုများကောင်းမွန်ရေး၊ ဆက်သွယ်မှုများတိုးတက်ရေးနှင့် လျှပ်စစ်စွမ်းအင်ပိုမိုအသုံးချနိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုအပိုင်းကို အဓိကထား ဆောင်ရွက်လျက်ရှိရာ လိုအပ်သော နေရာတိုင်းတွင် လုံခြုံစိတ်ချရသော အရေးပေါ် ခိုလုံရာ ဘက်စုံသုံးအဆောက်အဦများကို ဖြည့်ဆည်းတည်ဆောက်နိုင်ရေး၊ အလျင်အမြန် ထိရောက်သော တုံ့ပြန်မှုပြုနိုင်ရန် ဘေးအန္တရာယ်ပူးပေါင်းကူညီရေးတပ်ဖွဲ့ကို အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖွဲ့စည်းပြီး တပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့များနှင့် ပူးပေါင်းကာ သဘာဝဘေးတုံ့ပြန်ရန် အဆင်သင့်ဖြစ်ရေး ကြိုးပမ်းလျက်ရှိပါကြောင်း၊ ထိုကဲ့သို့အဆင်သင့်ဖြစ်ရေး အကောင်အထည်ဖော်ရာတွင် ပြည်သူ၏ ပူးပေါင်းပါ၀င်မှုသည် အရေးကြီးပါကြောင်း ပြည်သူနှင့်အတူ ပြည်သူ၏ လိုအပ်ချက်များကို ဖော်ထုတ်ဖြည့်ဆည်းနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၂။ ထို့နောက် ပြည်သူများ၏တင်ပြချက်များဖြစ်သော ဘိုကလေးမြို့နယ်၊ ညောင်ပိတ် ကျေးရွာတွင် Cyclone Shelter (၁)လုံးဆောက်လုပ်ရန် ငွေကျပ်(၁၂၉၅.၈)သိန်း၊ သောက်သုံးရေ ခက်ခဲသော ချောင်းဗြဲကြီးကျေးရွာတွင် အဝီစိတွင်း (၁)တွင်း တူးဖော်ရန် ငွေကျပ်(၂၅)သိန်း၊ ဖျာပုံမြို့နယ်၊ လက်ပံအုပ်စု၊ မယ်လေးရိုးကျေးရွာနှင့် ဘဝသစ်အုပ်စု၊ ကံကြီးဘလေးကုန်းကျေးရွာတွင် မြေသားသောက်ရေကန်(၂)ကန် တူးဖော်ရန် ငွေကျပ် (၅၀)သိန်း၊ ဇင်းဘောင်အုပ်စု၊ ကျုံကန်ရွာတွင် ကျောင်းသားများ သွားလာရေးလွယ်ကူ စေရေး ကွန်ကရိလမ်းခင်းရန် ငွေကျပ်(၁၂)သိန်း၊ ဂေါ်ဒူကျေးရွာတွင် School Cum Shelter (၁)လုံးဆောက်လုပ်ရန် ငွေကျပ်(၁၂၉၅.၈)သိန်း၊ လက်ပံအုပ်စု၊ ကျုံကန်ရွာတွင် မြေသားသောက်ရေကန်တူးဖော်ရန်နှင့် ခြံစည်းရိုးကာရံရန် ငွေကျပ်(၇၂)သိန်း၊ ဒေးဒရဲ မြို့နယ်၊ နေရောင်ကာကျေးရွာတွင် မြေသားသောက်ရေကန်တူးဖော်ရန်နှင့် ခြံစည်းရိုး ကာရံရန် ငွေကျပ်(၇၂)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဖျာပုံမြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုးအဘွား(၃၁)ဦးအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အဝတ်အထည်များလှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source : MSWRR