မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သော ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရက လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် (၁၄) စီးပါ ယာဉ်တန်းသည် မန္တလေးမြို့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဗဟိုသိုလှောင်ရုံသို့ သြဂုတ်လ (၇) ရက်နေ့ ညနေ (၄) နာရီတွင် ရောက်ရှိ လာခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးဦးအောင်ဇံနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျံတို့က အမှာစကားပြောကြားခဲ့ပြီး ယူနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယအတွင်းရေးမှူး Mr. Pu Jianhui ကလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်က ကျေးဇူးတင်စကား များပြောကြားခဲပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရက လှူဒါန်းရာတွင် ဆန်တန်ချိန် (၁၀၀)၊ ခေါက်ဆွဲခြောက်ဖာ (၁၀၀၀၀) ၊ မိုးကာတဲ (၁၀၀၀)၊ နှင့် နို့မူန့်ထုပ် (၁၀၀၀၀) ၊ စုစုပေါင်း ယွမ် (၂၄၁၀၀၀၀) တန်ဖိုးရှိ ပစ္စည်းများကို ယူနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယ အတွင်းရေးမှူး Mr. Pu Jianhui က ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်က လက်ခံရယူခဲ့ပါသည်။ အဆိုပါယာဉ်ကြီး (၁၁) စီးဖြင့် တင်ဆောင်လာသော ဆန်၊ ခေါက်ဆွဲခြောက်၊ နို့မူန့်တို့ကို မန္တလေးမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗဟိုကုန်သိုလှောင်ရုံ (မြို့ဟောင်း)တွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကုန်သိုလှောင်ရုံဂိုဒေါင်အတွင်းသို့ ချပေးပြီး ယာဉ် (၃) စီးဖြင့် တင်ဆောင်လာသော မိုးကာတဲ (၁၀၀၀) ကို မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆက်လက်ထွက်ခွာပြီး ကလေးဒေသသို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။