သဘာဝဘေးကို တုံ့ပြန်ရန် အစဉ်အမြဲအသင့်ဖြစ်နေစေရေး၊ ဘေးဒဏ်ခံနိုင်စွမ်းရှိသော လူ့ အဖွဲ့ အစည်းတစ်ရပ် ဖြစ်ပေါ်စေရေး၊ ယခင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုများကို သင်ခန်းစာ ယူ၍ ယခုနှစ်တွင် ကြိုတင်ပြင်ဆင်မှုအပိုင်းကို အလေးထားပြီး ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက် နိုင်စေရေး၊ ပြည်သူ့အသံကို နားထောင်၍ ပြည်သူတို့၏ လိုအပ်ချက်များကို သိရှိဖော်ဆောင်ပေးနိုင်စေ ရေးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုင် ကျေးရွာ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆတ္ထိုးပေါက်ကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာတို့တွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းက ဆင်သေချောင်းရေ ရုတ်တရက် မြင့်တက်မှုကြောင့် လူနေအိမ် ၃၇ လုံး မျောပါပျက်စီးခဲ့ပြီး ၃၇၃ လုံးရေဝင်ပျက်စီးကာ လူဦးရေ ၁၇၈၃ ဦး ဘေးဒုက္ခ ကြုံတွေ့ခဲ့ရပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး သည် နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ယခင်နှစ်က ရေဘေးဒဏ်ခံခဲ့ရသည့် တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းကျေးရွာသို့ သွားရောက်၍ သံပုရာကုန်းကျောင်းတိုက်တွင် ရပ်ရွာလူထုနှင့်လည်းကောင်း၊ ရမည်းသင်းမြို့နယ် ဆတ္ထိုးပေါက် ကျေးရွာသို့ သွားရောက်၍ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ရပ်ရွာလူထုနှင့်လည်းကောင်း တွေ့ဆုံ၍ မိမိတို့အနေဖြင့် ရပ်ရွာများတွင် ရပ်ရွာလူထု၏ အမှန်တကယ် လိုအပ်ချက်များကို ဖော်ထုတ်ပြီး ထိရောက်သော ကြိုတင်ကာကွယ်မှုများဖြင့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့် ဖြစ်စေရေး ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း၊ ယခင်နှစ် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှု ကို သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ် ရရှိရေးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ယမန်နှစ်က သဘာဝဘေးကျရောက်ခဲ့သော ဤကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေး အလွန် ခက်ခဲပြီး ကယ်ဆယ်ကူညီမည့်သူများ အချိန်မီသွားရောက်ရန် မလွယ်ကူသော ကျေးရွာများ ဖြစ်သည် ကို မိမိကိုယ်တိုင် ရောက်ရှိ၍ သိရှိခဲ့ရကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်ပြီး အဆင်သင့်ဖြစ်မှုသည် လမ်းပန်းဆက်သွယ်ရေးနှင့်အဓိကသက်ဆိုင်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး
ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ရွာ လူထုအနေဖြင့် သဘာဝဘေးနှင့်ပတ်သက်ပြီး အသိ၊ သတိရှိဖို့လိုကြောင်း မိမိတို့အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် များအထိဖွဲ့စည်းပြီး လူမှုအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ သဘာဝဘေးတုံ့ပြန်မှုများဆောင်ရွက်လျက်ရှိ သော်လည်း အဓိကအားဖြင့် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်မှသာထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းကို ပြီးခဲ့သည့်နှစ်အတွေ့အကြုံများအရ သိရှိပြီးဖြစ်သဖြင့် ပြည်သူများနှင့်အတူ
လက်တွဲ၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန်လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရပ်ရွာလူထု၏ဆွေးနွေးတင်ပြချက်များနှင့် လိုအပ်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဉီးစီးမှူးက ဆွေးနွေးပွဲတက်ရောက်လာသော ရပ်ရွာလူထုအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက် ၍ အသိပညာပေး ဆွေးနွေးဟောပြောကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
ထို့နောက် ဆတ္ထိုးပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးပြီး ကလေးများအား အစားအစာနှင့် ကစားစရာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။