၁။ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနသည် ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ၏ (JAXA Realtime Rainfall Watch) ၀က်ဘ်ဆိုက်၌ လေ့လာချက်အရမြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ ၀င်ရောက်ပျက်ပြယ်သွားပြီဖြစ်သော အပူပိုင်းမုန်တိုင်းမာရသာ (Marrutha) ၏ အရှိန်ကြောင့် နောက်(၇၂)နာရီအတွင်းမြန်မာနိုင်ငံမြောက်ပိုင်း/အရှေ့မြောက်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုပမာဏမှာတစ်နာရီလျှင်(၀.၁)မီလီမီတာမှ (၂)မီလီမီတာအတွင်းရှိနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုပမာဏမှာတစ်နာရီလျှင်(၁၀)မီလီမီတာမှ (၃၀)မီလီမီတာအတွင်းရှိနိုင်ကြောင်းတွေ့ရှိရပါသည်။ မိုးရွာသွန်းမှုများများပြားခြင်းကြောင့်ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းဖြစ်ပေါ်နိုင်သဖြင့်ပြည်သူများအနေဖြင့် အောက်ပါတို့အား အလေးထားဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသောမိုးလေဝသသတင်းများကိုစဥ်ဆက် မပြတ် နားထောင်ပြီး အကြံပြုချက်များကိုလိုက်နာပါ၊အခြားသူများကိုလည်းမျှဝေပါ၊
(ခ) အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတန်းများကိုမိမိနှင့် အတူထားရှိပါ၊
(ဂ) မိသားစုဝင်များကွဲကွာသွားပါကပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက် ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူစသည်တို့အားရေးသားပြီးမိသားစုဝင်တိုင်းယူဆောင်ထားပါ။
၂။ အကယ်၍ ရေကြီးရေလျှံခြင်းဖြစ်ပွားပါက
(က) အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်းခလုပ်များကိုပိတ်ထားပါ၊ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကိုအသုံးမပြုပါနှင့်၊
(ခ) သောက်သုံးရေသန့်(သို့)ကျိုချက်ထားသောရေ(သို့) ရေသန့်ဆေးခပ်ထားသောရေကိုသာအမြဲသောက်သုံးပါ၊
(ဂ) တိရစ္ဆာန်များကိုမလိုအပ်ဘဲချည်နှောင်ထားခြင်းမပြုလုပ်ပါနှင့်၊
(ဃ) ရေကြီးသောေဒသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီးပြိုကျတတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့မသွားပါနှင့်။
(င) ရေထဲတွင် မလိုအပ်ဘဲရေကူးခြင်း၊ လမ်းလျှောက်ခြင်းများမပြုလုပ်ပါနှင့်။
၃။ မြေပြိုမှု၊ တောင်ပြိုမှုဖြစ်ပွားလေ့ရှိသောနေရာများ၊ တောင်ကုန်းတောင်စောင်းများတွင်နေထိုင်သူများအနေဖြင့် အောက်ပါတို့အားသိရှိဆောင်ရွက််ရန်လိုအပ်ပါသည်-
(က) မြေပြိုမည့် ရှေ့ပြေးလက္ခဏာများဖြစ်သည့် မိမိတို့၏နေအိမ်တံခါးများဖွင့်/ပိတ်ရာတွင် ကျပ်လာခြင်း၊ အိမ်၏ အုတ်နံရံများအက်လာခြင်း၊ ခြံစည်းရိုးများနေရာရွေ့လာခြင်း၊ သစ်ပင်များနေရာရွေ့ခြင်း၊ စောင်းလာခြင်း၊မြေများအက်ကွဲခြင်းစသည်တို့ကိုသတိပြုမိပါကအမြန်ရွှေ့ပြောင်းရန် ဆောင်ရွက်ပါ၊
(ခ) အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုစုံရပ်တို့ကိုကြိုတင်သတ်မှတ်ထားပါ၊
(ဂ) မြေပြိုကျမှုဖြစ်ပွားပါက ၎င်းနေရာများအနီးသို့ မလိုအပ်ဘဲမသွားပါနှင့်၊
(ဃ) မြေပြိကျမှုဖြစ်ပေါ်နေသောနေရာများတွင် ရောက်သွားပါကတတ်နိုင်သမျှ အမြန်ဆုံးဘေးလွတ်ကင်းရာ နေရာသို့ပြေးပါ၊အမြန်ဆုံးမရှောင်ခွာနိုင်ပါကနီးစပ်ရာခိုင်ခံ့သောနေရာ/အဆောက်အအုံများတွင်ခိုလှုံပါ၊မြေပြိုမှုဖြစ်နေသောနေရာအနီးသို့လာသည့် အခြားလူနှင့် ယာဥ်များအားအသိပေးပါ။
၄။ ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ချက်များအားစဉ်ဆက်မပြတ် လေ့လာကာအရေးပေါ်အချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စီစဥ်ဆောင်ရွက်မှုများအတိုင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် အကူအညီလိုအပ်ပါကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိသည့် Call Centre ဖုန်းများဖြစ်သည့် ( ၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇ )တို့သို့ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်းအသိပေးနှိုးဆော်အပ်ပါသည်။
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန