ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ” (Maarutha) အခြေအနေနှင့် မုန်တိုင်းဖြတ်သန်းစဉ်နှင့် ဖြတ်သန်းပြီးချိန်တွင် ဆောင်ရွက်သင့်သည်များကို အသိပေးနှိုးဆော်ခြင်း

– ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ (၁၉:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး၊ အညိုရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း၊

နောက် (၁၂) နာရီအတွင်းခန့်မှန်းချက်များအရ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တဖြည်းဖြည်းအားလျော့သွားကာ ကုန်းတွင်းမုန်တိုင်ငယ်အဖြစ် ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းရပါကြောင်း၊

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်ဖြစ်ပေါ်နေစဉ် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်အထိ တိုင်ခတ်နိုင်ပါကြောင်း၊

အဆိုပါကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ နောက် (၂၄) နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါကြောင်း၊

အဆိုပါကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြပါရန် အကြံပြုထားကြောင်း သိရှိရပါသည်။

– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း ဆိုင်ကလုန်မုန်တိုင်းအခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာ၍ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားလျက်ရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ ဆောင်ရန်/ရှောင်ရန်များကို ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်-

(က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကို မျှဝေပါ။ ကောလာဟလ သတင်းများကို မယုံပါနှင့်။

( ခ) မုန်တိုင်းဗဟိုဖြတ်သန်းစဉ် ခေတ္တလေငြိမ်သော်လည်း မကြာမီအချိန်အတွင်း ဆန့်ကျင်ဘက်အရပ်မှ ပိုမိုပြင်းထန်သည့်လေများ တိုက်ခတ်လာနိုင်သည်ကို သတိပြုပါ။

( ဂ) မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သက်ဆိုင်ရာအစိုးရဌာနမှ သတင်းထုတ်ပြန်သည်အထိ ဘေးကင်းလုံခြုံသောနေရာတွင် နေထိုင်ပါ။

(ဃ) မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် အန္တရာယ်ရှိသော ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ၊ သစ်ကိုင်းများ သတိပြုရှောင်ရှားပါ။

( င) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခံ့လုံခြုံသောအဆောက်အဦ၊ အမိုးအကာအောက်တွင်နေထိုင်ပါ။

( စ) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။

(ဆ) ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အကြားမှဖြတ်ကျော်ဝင်ရောက်ခဲ့သည့် O2Bမုန်တိုင်း၏အရှိန်ကြောင့် မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်တပြက်ရေဘေး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့သည့် အတွေ့အကြုံများရှိပြီးဖြစ်သည့်အတွက်လည်း ကုန်းတွင်း ပိုင်းဒေသများသည် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း နောက်ဆက်တွဲ ဘေးအန္တရာယ်များခံစားရနိုင်သဖြင့် ကြိုတင်သတိပြုရန်လိုအပ်ပါသည်။

( ဇ) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများ အနီးနေထိုင်သူများအထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းပါ။

(စ်) မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။

– ပြည်သူများအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (Maarutha)အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက် မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Call Centre ဖုန်းများဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇)တို့သို့ အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်းနှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ လိုအပ် သည့်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

Sign Up

Upcoming Events