#ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က)ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက် ဘက် မိုင်(၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်ဘက်(၁၅၈)မိုင်ခန့်၊ ဂွမြို့၏ အနောက်- အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ သံတွဲမြို့၏ အနောက် တောင်ဘက် မိုင်(၁၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက် တောင်ဘက် (၁၉၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်တောင် ဘက်(၂၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း သည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံကမ်းခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း ရပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။
#ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
=================================================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန်တွင် မြောက် လတ္တီကျု(၁၆.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၂.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ် ပါသည်။
#နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
=========================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၁၂)နာရီ အတွင်း မြန်မာနိုင်ငံ ကမ်းခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါ သည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်း ရပါသည်။
(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
#သတိပေးနှိုးဆော်ချက်
=====================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၁၆.၄.၂၀၁၇) ရက်နေ့မှ (၁၇.၄.၂၀၁၇) ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မှနေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
#အကြံပြုချက်
=========
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိ ပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။