– ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့၊ (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း သို့ရောက်ရှိခဲ့ပြီး၊ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် (၂၃၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် မိုင်(၄၂၀)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၄၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း၊ အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်းသိရှိရပါသည်။
– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း မုန်တိုင်းငယ် အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာ၍ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့် လွန်စွာ စိုးရိမ်ကြောင့်ကျမှု မဖြစ်ပါရန်နှင့် အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်-
(က) အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။
( ခ) လှေများ၊ အသက်ကယ်ဘောကွင်းများ၊ Life Jacket များနှင့် ရေလုံသော ပလပ်စတစ်ပုံးများဆောင်ထားပါ။
( ဂ) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခံ့လုံခြုံသော အဆောက်အဦ၊ အမိုးအကာအောက်တွင် နေထိုင်ပါ။
(ဃ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်းသိရှိရသဖြင့် ကမ်းခြေများတွင် ရောက်ရှိအပန်းဖြေနေသူများသတိပြုနေထိုင်ပါ။
( င) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။
( စ) တောင်ကျချောင်းများတွင် ရုတ်တရက် လျှပ်တပြက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် တောင်ကျချောင်းများအနီးနေထိုင်သူများ၊ အပန်းဖြေရောက်ရှိနေသူများ အထူးသတိထား နေထိုင်ပါ။
(ဆ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုသွားလာပါ။
( ဇ) မုန်တိုင်းသတိပေးချက်ရရှိပါက မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့် နေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။
– ပြည်သူများအနေဖြင့် မုန်တိုင်းငယ်အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထားရှိသည့် Call Centre ဖုန်းများ ဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇) တို့သို့ အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန