ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားကြီးအား ဖူးမျှော်ရန်အတွက် အမ်းမြို့နယ်မှ ကျောက်တော်သို့ မင်းကောင်းချောင်းအတိုင်း ခရီးသည် (၆၀) ဦးခန့် တင်ဆောင်လာသော စက်လှေ (အမည်မရှိ) သည် (၁၃-၄-၂၀၁၇) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်တွင် မင်းပြားမြို့မှ (၁၅) မိုင်ခန့်အကွာ မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာအနီး၌ စက်လှေပန်ကာမှာ ငါးဖမ်းပိုက်ကြိုးဖြင့် ငြိကာ တိမ်းမှောက်နစ်မြုပ်ခဲ့ရပြီး စက်လှေပေါ်ပါ (၆၀) ဦးအနက် (၅၂) ဦး အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ပေးခဲ့ပြီး (၇) ဦးသေဆုံးကာ (၁) ဦးမှာ ပျောက်ဆုံးလျက်ရှိပါသည်။ သေဆုံးသူအများစုမှာ အသက် (၁၀) နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း သိရပါသည်။
အဆိုပါစက်လှေနစ်မြုပ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသူ များအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ထောက်ပံ့ရေးလုပ်ငန်းများ ချက်ချင်း သွားရောက် ထောက်ပံ့ခဲ့ပြီး လိုအပ်သော ကူညီမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)