ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားကြီးအား ဖူးမျှော်ရန်အတွက် အမ်းမြို့နယ်မှ ကျောက်တော်သို့ မင်းကောင်းချောင်းအတိုင်း ခရီးသည် (၆၀) ဦး တင်ဆောင်လာသော စက်လှေ (အမည်မရှိ) သည် (၁၃-၄-၂၀၁၇) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်တွင် မင်းပြားမြို့မှ (၁၅) မိုင်ခန့်အကွာ မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာအနီး၌ စက်လှေပန်ကာမှာ ငါးဖမ်းပိုက်ကြိုးဖြင့် ငြိ၍ တိမ်းမှောက်ခဲ့ပါသည်။ အဆိုပါ စက်လှေနစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါ (၆၀) ဦးအနက် (၅၂) ဦး အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ပေးခဲ့ပြီး (၇) ဦးသေဆုံးကာ (၁) ဦးမှာ ပျောက်ဆုံးလျက်ရှိပါသည်။ စက်လှေတိမ်းမှောက်မှုရလျှင်ရချင်း မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ အခင်းဖြစ်ရာနေရာသို့ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှလည်း (၁၃-၄-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးနိုင်ရေးအတွက် သွားရောက်လျက်ရှိပါကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)