ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ င၀န်မြစ်အတွင်း စက်လှေနစ်မြုပ်မှု အခြေအနေနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ကူညီဆောင်ရွက်မှု အခြေအနေ

- ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ င၀န်မြစ်အတွင်း (၇-၄-၂၀၁၇)နေ့ (၁၉: ၁၀) အချိန်ခန့်တွင် ပုသိမ်မြို့မှ ငပုတောမြို့သို့ မင်္ဂလာဆောင်အပြန် လူဦးရေ(၅၀)ကျော် တင်ဆောင်လာသော ငွေကြယ်စင်စက်လှေသည် ဥမ္မာဒန္တီ ဆိပ်ခံတံတားအနီးတွင် နဒီရွှေစင်ကျောက်တင်သင်္ဘောနှင့် တိုက်မိခဲ့ ရာ ငွေကြယ်စင်စက်လှေနစ်မြုပ်ခဲ့ပြီး ကျား (၄)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၂၀) ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကြောင်း၊ ကျား(၂၅)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၂၉) ဦး အသက်ရှင်လျက် ကူညီကယ်ဆယ်နိုင်ခဲ့ ေကြာင်း၊ ကျား(၂၁) ဦး၊ မ(၄)ဦး၊ စုစုပေါင်း (၂၅)ဦးကိုပုသိမ်ဆေးရုံ၌ အတွင်းလူနာ အဖြစ်လည်းကောင်း၊ ကျား(၄)ဦးကိုပြင်ပလူနာ အဖြစ်လည်းကောင်း ကုသလျက်ရှိကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
- အဆိုပါ စက်လှေနစ်မြုပ်မှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ချက်ချင်းသွားရောက်ကာ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်ရသူများအား လတ်တလောလိုအပ်သည့် ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ စောင်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး သေဆုံးသူများ အတွက်လည်း လိုအပ်သည့်ကူညီထောက်ပံ့မှုများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။