သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ထိရောက်စွာဖော်ဆောင်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်မှုသတင်း (၉.၄.၂၀၁၇)

 

သဘာဝဘေးကိုတုံ့ပြန်ရန် အစဉ်အမြဲအသင့်ဖြစ်နေစေရေး၊ သဘာဝဘေးနှင့် ပတ်သက်၍ ဘေးဒဏ်ခံနိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရေး၊ ယခင်နှစ် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှုများကို သင်ခန်းစာယူ၍ ယခုနှစ်တွင် ကြိုတင်ပြင်ဆင်မှု အပိုင်းကို အလေးထားပြီး ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်စေရေး ပြည်သူ၏ လိုအပ်ချက်များကို သိရှိဖော်ဆောင်ပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေ သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက သာပေါင်းမြို့နယ်၊ မအူပင်ဒေါင့် ကျေးရွာသို့သွားရောက်၍ အဆိုပါကျေးရွာရှိ အ‌ခြေခံပညာမူလတန်းကျောင်းတွင် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ရပ်ရွာလူထုနှင့်တွေ့ဆုံ၍ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ရေသန့်စက်(၃)လုံး တပ်ဆင်ရန်နှင့် အုတ်ရေတွင်း တူးဖော်ရန် ထောက်ပံ့ငွေ များကို ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာ သို့သွားရောက်၍ အဆိုပါကျေးရွာရှိ နန္ဒာရာမကျောင်းတွင် ရပ်ရွာလူထုနှင့် တွေ့ဆုံကာ သဘာဝဘေးကြိုတင်ကာကွယ်မှုလုပ်ငန်းများတွင် ပြည်သူများ အတူတကွ ပါဝင်ကြရန် တိုက်တွန်းပြောကြားပြီး  လတ်တလော လိုအပ်ချက်ဖြစ်သော အခြေခံပညာ အလယ်တန်းကျောင်းခွဲအတွက် စာသင်ခုံများဝယ်ယူရန် ကျပ်(၁၅)သိန်း၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကွင်းကျေးရွာတို့တွင် ဘက်စုံသုံးအဆောက်အဦ (School Cum Shelter) (၁)လုံးစီ ဆောက်လုပ်ရန် ကျပ်(၂၈၀၀)သိန်းကို ထောက်ပံ့ပေးအပ်ပြီး နန္ဒာရာမကျောင်းဆရာတော်အား ဖူး‌မြော်၍ အလှူငွေကျပ် (၁)သိန်း လှူဒါန်းခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ြပည်ထောင်စုဝန်ကြီးသည် ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာသို့ သွားရောက်၍ အဆိုပါကျေးရွာရှိ အ‌ခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ရပ်ရွာလူထုနှင့် ကျောင်းသူကျောင်းသားများသွားလာရေး အခက်အခဲ ကို‌ဖြေရှင်းနိုင်ရန် နန်းတော်ကျွန်းကျေးရွာနှင့် အေးရွာဆက်သွယ်သော ကွန်ကရိလမ်းခင်းခြင်း အတွက် ငွေကျပ်(၇၀)သိန်း၊ ရေကြီးကာလတွင် ရေနစ်မြုပ်သည့် သုသာန်နေရာ၌ မီးသဂြိုလ်ရာ တွင်အသုံးပြုရန် အင်္ဂတေခုံပြုလုပ်နိုင်ရေး ကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် စက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ရပ်ရွာလူထု၏တင်ပြချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဤခရီးစဉ်သည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် ယမန်နှစ်ရေကြီးနစ်မြုပ်မှုဘေးကို ပြင်းထန်စွာခံစားခဲ့သော ဧရာဝတီတိုင်းအတွင်းရှိ ရပ်ရွာများ တွင် ကျေးရွာသူ၊ ကျေးရွာသားများ၏ အမှန်တကယ်ခံစားခဲ့ရမှုများကို ဖော်ထုတ်ပြီး ထိရောက်သော ကြိုတင်ကာကွယ်မှုများဖြင့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့်ဖြစ်စေရေး ကြိုးပမ်းမှုဖြစ်ပါသည်။ ကျန်ရှိသော ဒေသများတွင်လည်း ဆက်လက် ဖော်ထုတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Sign Up

Upcoming Events