– ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း(၂-၄-၂၀၁၇)နေ့ (၂၃:၃၀)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေထိုင်သည့်အိမ်(၃၅)လုံး၊ လူနေထိုင်ခြင်းမရှိသည့်အိမ် (၅) လုံး၊ စုစုပေါင်းနေအိမ်(၄၀)လုံးနှင့် ဌာနဆိုင်ရာရုံး(၁)ရုံး၊ အများပြည်သူပိုင်စျေး(၁)ခုတို့ အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းများကို(၅-၄-၂၀၁၇) နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပေးပို့ထောက်ပံ့ခဲ့ပါသည်။
– ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ လွယ်လွမ့်ကျေးရွာ၌ (၂-၄-၂၀၁၇)နေ့ (၀၅:၀၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၂) စုမှ လူဦးရေ စုစုပေါင်း(၄၆)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အလားတူ လားရှိုးမြို့၊ ကောင်းခံကျေးရွာ၌ (၄-၄-၂၀၁၇) နေ့တွင် ဖြစ်ပွားသော လေပြင်းဘေးကြောင့် ဘုန်းတော်ကြီး ကျောင်းခေါင်မိုး၊ ဆွမ်းစားဆောင်နှင့် ဇရပ်ဆောင်တို့ အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ ဘေးများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို (၅-၄-၂၀၁၇) နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
– ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ကျေးရွာ(၁၂)ရွာ၌ (၄-၄-၂၀၁၇)နေ့(၁၇:၃၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၀)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၁၈၉)လုံးနှင့် စာသင်ကျောင်း(၂)ကျောင်း အမိုးလန်ပျက်စီးခဲ့ကာ လူဦးရေစုစုပေါင်း(၈၃၅)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပြီး အင်္ဂပူမြို့နယ်၊ ကျေးရွာ (၂)ရွာ၌ (၄-၄-၂၀၁၇)နေ့ (၁၈:၄၅)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံး ပြိုကျပျက်စီးခဲ့ကာ လူဦးရေစုစုပေါင်း (၁၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ လေဘေးကြောင့် ထိခိုက်ခံစားရသောပြည်သူများအတွက် ဆန်ရိက္ခာဖိုး(၁,၇၅၃,၅၀၀)ကျပ်နှင့် တန်ဖိုးငွေကျပ် (၁,၉၇၇,၈၉၀) ရှိ ကယ်ဆယ်ရေးပစ္စည်း(၂၀၉)အိမ်ထောင်စာ၊ စုစုပေါင်းငွေသားနှင့် ပစ္စည်း တန်ဖိုး(၃,၇၃၁,၃၉၀) ကျပ် (ကျပ်သုံးဆယ့်ခုနစ်သိန်းသုံးသောင်းတစ်ထောင်သုံးရာ့ကိုးဆယ်တိတိ) အား (၅-၄-၂၀၁၇)နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးသင့်ဒေသသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။