ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသည် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ အကောင်အထည်ဖော်မှုဖြင့် ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဒေသတွင်းပြန်လည်နေရာချထားရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ရခိုင်ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်မှာ အဓိကပါဝင်သော အချက်တစ်ချက်ဖြစ်ပါသည်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် CMP အထည်ချုပ်လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ကနဦး ဆောင်ရွက်ချက်အနေဖြင့် စစ်တွေမြို့ ဆပ်ရိုးကျ ရပ်ကွက်တွင် အထည်ချုပ်စက်ရုံငယ်တစ်ခုကို တည်ထောင်ပြီး လုပ်ငန်းစတင်လည်ပတ်လျက်ရှိရာ ရခိုင်တိုင်းရင်းသူအမျိုးသမီး ဝန်ထမ်းအင်အား တစ်ရာကျော် အလုပ်အကိုင်ရရှိလျက်ရှိပါသည်။ ရန်ကုန်မြို့နှင့် အခြားဒေသများတွင် သွားရောက်အလုပ်လုပ်ကိုင်နေရသော ရခိုင်တိုင်းရင်းသားများ မိမိတို့ဒေသတွင် ပြန်လည်အလုပ်လုပ်ကိုင်ခွင့်ရရှိခြင်း ဖြစ်ပါသည်။ အမျိုးသမီးများအတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာ၌ လက်ယက္ကန်းစင်တစ်ရာဖြင့် ကျွမ်းကျင်မှုသင်တန်းပေးပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးလျက်ရှိပါသည်။
ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ စတင်အကောင်အထည်ဖော်နိုင်ရန် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် (၂၄.၃.၂၀၁၇) ရက်နေ့မှ (၂၆.၃.၂၀၁၇) ရက်နေ့အထိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ ပေါက်တော မြို့နယ်များသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြီး လိုအပ်သော လမ်းပြုပြင်ခြင်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ နေအိမ်များပြုပြင်ခြင်းနှင့် ဖြည့်ဆည်းဆောင်ရွက်ရန် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။