နေပြည်တော် မတ် ၃၀
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နို်င်ရေး နှင့် မိုးကြိုနှင့် မိုးရာသီကာလများတွင် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးများအတွက် ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ရန် ယခုကဲ့သို့ အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က ပြောကြားသည်။
ယနေ့နံနက် ၉ နာရီခွဲတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၌ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော် မတီ အစည်းအဝေး(၁/၂၀၁၇)တွင် ဒုတိယသမ္မတ က ထိုသို့ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယသမ္မတ က သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသည့် အတွေ့အကြုံများ အရ သဘာဝဘေးများကိုဖြေရှင်းဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမို လျင်မြန်လာပြီး တိုးမြှင့်ထောက်ပံ့မှုများကိုလည်းပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တိကျသည့် အချက်အလက်များ အချိန်မီမရရှိခြင်း ကြောင့် အခက်အခဲအချို့ရှိခဲ့သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်း အစီအမံများကို ကြိုတင်စဉ်းစားချမှတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများအနေဖြင့် အသိပညာပေးမှုများနှင့် ဇာတ်တိုက်လေ့ကျင်မှုများဆောင်ရွက်ကြရန် မှာကြားလိုပါ ကြောင်း၊ ထောက်ပ့ံမှုများအလေအလွင့်မရှိစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် တိကျသေချာမြန်ဆန်သည့် ထောက်ပ့ံမှုနည်းလမ်းများကို စီမံပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ သဘာဝဘေးအတွက် မည်သို့ ပြင်ဆင်ထားသည်ကိုလည်း ဆန်းစစ််ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် အရေးပေါ်အစားအစာရိက္ခာ၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် တုန့်ပြန်ရေး လုပ်ငန်းသုံးစက်ကိရိယာများ၊ အဆောက်အဦပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ၊ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ ပြုပြင်တည်ဆောက်မှုများ၊ ကမ်းပြိုကမ်းထိန်းလုပ်ငန်းများ စသည့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာလုပ်ငန်းအစီအမံများတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေစာရင်းမှ ငွေကျပ် ၉ ဒသမ ၈ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၄ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများတွင် တာဝန်ယူ ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် တာဝန်ယူထားရသည့် လုပ်ငန်းကဏ္ဍများ ပိုမိုထိရောက်စွာဆောင်ရွက်ပေးရန်၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ငွေကြေးသုံးစွဲမှုများတွင် အထောက်အထားများအပါ အဝင် လုပ်ငန်းအဆင့်ဆင့်ကို မှတ်တမ်းဓာတ်ပုံများဖြင့် ဘဏ္ဍာရေးစည်းမျဉ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ကြီးကြပ်စီမံခန့်ခွဲကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းဆိုင်ရာအခြေအနေများ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး၊ ကယ်ဆယ် ထောက်ပံ့ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော် တင့်ဆွေ၊ သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးနိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဒေါက်တာထွန်းနိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ များ အလိုက်အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းဆွေးနွေးတင်ပြချက်များ နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
Source: Myanmar President Office