သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား မှုသတင်း

နေပြည်တော်၊ ၃၀-၃-၂၀၁၇

ပြည်သူ့အစိုးရသစ်အနေဖြင့် ပြည်သူများလွတ်လပ် လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးကိုရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို သဘာဝဘေးနှင့် ပဋိပက္ခများကြောင့် ဖြစ် သော ဘေးအန္တရာယ်များကလည်း အဟန့်အတားဖြစ်စေသည့်အတွက် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုဦးစားပေးဆောင်ရွက်ဖို့ လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ရက် (၁၀၀) စီမံချက်အလွန်တွင် ပြည်သူအကျိုး ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရန်နည်းလမ်းများကို ဖော်ထုတ်ခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍လည်း သဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂) ရပ်ကိုဖွဲ့စည်းပြီး ပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှုစနစ်များကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သဘာဝဘေးကြိုတင် ကာကွယ်ရေး၊တုံ့ပြန်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးကို ပိုမိုထိ ရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် အရပ်ဘက်-စစ်ဘက် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ဒုတိယ အကြိမ် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကျရောက်သောဒေသများ အထူးသဖြင့် သွားလာရန် ခက်ခဲသောဒေသများကို တပ်မတော်ရဲ့ အကူအညီဖြင့်သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ သာဓက အနေဖြင့် ၂၀၁၆ခုနှစ်တွင် ကချင်ပြည်နယ်၊ ဆော်လောမြို့နယ်၊ လန်ဆယ်ဒေသ၌ ဖြစ်ပွားခဲ့သောရေဘေးတွင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ထင်ထင်ရှားရှားတွေ့ရမည်ဖြစ်ပါ ကြောင်း၊ အာဆီယံနိုင်ငံများအချင်းချင်းနှင့်တပ်မတော်များကလည်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက တစ်နိုင်ငံနှင့်တစ်နိုင်ငံအကူအညီ ပေးနိုင်ရေး သဘောတူထားရှိပါကြောင်း၊ စနစ်တကျ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် အောင်မြင်မှုကိုရရှိမည် ဟုယုံကြည်ပါကြောင်း၊ ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ မန်းမြန်မာဟိုတယ်၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားပါသည်။

ဆက်လက်၍ UNOCHA အဖွဲ့၏ Head of Office ဖြစ်သူ Mr.MarkCutts က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြား ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မှ ဌာနကြီးမှူး Mr. Mark Cutts ဦးဆောင်သောအဖွဲ့အား ယနေ့နေ့လည် (၁) နာရီခွဲတွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် UNOCHA မှ ဌာနကြီးမှူးက ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) သည် ကမ္ဘာ ပေါ်ရှိနိုင်ငံပေါင်း(၅၀)တွင် ဝန်ထမ်းအင်အား (၂၀၀၀) ကျော်ရှိသည့် အဖွဲ့ဖြစ်ပါကြောင်း၊ အဓိကလုပ်ငန်းကြီး (၅) ရပ်မှာ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရာတွင် ဘေးဒဏ်ခံစားရသည့် နိုင်ငံ၏အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း များအကြားညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ရေးဆွဲခြင်းလုပ်ငန်း၊ သတင်းအချက်အလက်စီမံခန့်ခွဲခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ သက်ဆိုင်ရာအစိုးရအား စည်းရုံးအသိပညာပေးခြင်း၊ လူသားချင်းစာနာမှု မူဝါဒပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ပါကြောင်းနှင့် အခြား ဝန်ကြီးဌာနများသို့လည်းတွေ့ဆုံခွင့် တင်ပြမည်ဖြစ်ပါကြောင်း ဖြင့်ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ပူးပေါင်း၍ လူသားချင်းစာနာမှုဆိုင်ရာ ပူးတွဲဆန်း စစ်ချက်ကိုရခိုင်ပြည်နယ်တွင် ဆောင်ရွက်ရန်ရှိပါကြောင်းနှင့် ယခုအခါလူသားချင်းစာနာမှု အကူအညီများသာမက ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုပါ ပူးတွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

Source:  MSWRR

Sign Up

Upcoming Events