လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်တွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

22 44

(၂၆-၃-၂၀၁၆) စစ်တွေမြို့

‘‘ရခိုင်ပြည်နယ်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသည် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရန်အ‌ခြေခံအချက်ဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်းမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ရှေ့ရှုဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်စေရေး ဖော်ဆောင်လျက်ရှိရာ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာ စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ဥပဒေမူဝါဒများနှင့်အညီ အသက် (၉၀) နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှမွေးဖွားသော ကလေး (၂) ပြည့်သည်အထိ တိုက်ရိုက်ငွေကြေးထောက်ပံ့မှုစနစ်များကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်များကြောင့် ဒုက္ခခံစားနေကြရသောသူများအတွက် အခြေအနေကောင်းတစ်ရပ် ပြန်လည်ရောက်ရှိစေရေး၊ လူမှုအဖွဲ့အစည်းများ၊ အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို အကြံပြုဆွေးနွေးကြရန်ဖြစ်ကြောင်းဖြင့်’’ ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ် မတ်လ (၂၄) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သော အစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားပါသည်။ တက်ရောက်လာကြသော ပြည်သူများက တွေ့ကြုံခံစားနေရသည့် လူမှုရေးအခက်အခဲများ၊ သဘာဝဘေးကြောင့် နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသော ရေကြီးနစ်မြုပ်မှု ကြိုတင် ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက်ထားလိုမှုများနှင့် စပ်လျဉ်း၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ကျောက်ဖြူမြို့၊ ကညင်တော IDP စခန်းသို့ ရောက်ရှိပြီး ပြည်သူများနှင့်တွေ့ဆုံကာ ပြင်ဖြူမော်ရွာရှိ ဆောက်လုပ်ပြီးနေအိမ်များသို့ ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် လမ်းနှင့်လျှပ်စစ်မီးလိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီအဖြစ် ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာများကို ထောက်ပံ့ခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျောက်တစ်လုံး IDP စခန်းသို့ ရောက်ရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး ဆန်၊ ဆီ၊ ပဲနှင့် ဆားရိက္ခာတို့ကိုထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အလားတူပင် ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ပြည်သူလူထု၏လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အမှတ် (၆) ရပ်ကွက်ရှိ IDP စခန်းသို့ သွားရောက်ပြီး ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမ်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံကာ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ ဆောင်ရွက်ပေးနေမှုအ‌ခြေအနေများ၊ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများရေးဆွဲပြဋ္ဌာန်းပေးနိုင်မှုအ‌ခြေအနေများနှင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ပေးမည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားပြီး တက်ရောက်သူများမှ ကြုံတွေ့ရသော အခက်အခဲများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ယင်းနေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဒေသတွင်းပြန်လည်နေရာချထားရေးကိစ္စ၌ ဒေသခံပြည်သူများ၏ သဘောထားအမြင်များနှင့်ပတ်သက်၍  ဆွေးနွေးကြပြီး လက်တွေ့အကောင်အထည်ဖော်ရန် နည်းလမ်းများကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးတို့သည် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် အဓိကအထောက်အကူပြုမည်ဖြစ်သဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး (၅) နှစ်စီမံချက် မူကြမ်းပြုစုထားရှိမှုအပေါ် သဘောထားအမြင်များ ဆွေးနွေးခြင်း၊ လက်တွေ့အကောင်အထည်ဖော်မှုအတွက် လိုအပ်ချက်နှင့် ပံ့ပိုးမှုများအတွက် အသေးစိတ်ဆွေးနွေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်း အလေးထားဆောင်ရွက်လျက်ရှိသော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍  ကျေးရွာများတွင် အ‌ခြေခံလိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စရပ်လိုအပ်ချက်များ၊ ဌာ‌နေတိုင်းရင်းသားများနှင့်တွေ့ဆုံရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသော လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်း‌ပြောကြားရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မြင့်ဂါကျေးရွာနှင့် ကျောက်ပြင်ကျေးရွာများသို့ သွားရောက်ခဲ့ပါသည်။ ကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှုအ‌ခြေအနေ၊ အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုနှင့် ကျေးရွာအတွင်း လိုအပ်ချက်များကို အကြံပြုတင်ပြကြရန် ‌ပြောကြားပါသည်။ ပြည်သူများ၏တင်ပြချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း‌ဖြေရှင်းပေးပြီး ကျေးရွာများရှိ စာကြည့်တိုက်ပြုပြင်ရန်၊ ပရိဘောဂများ ဝယ်ယူဖြည့်တင်းရန်နှင့် စာအုပ်စာတမ်းများ ဝယ်ယူရန် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ဆိုင်တင်ရေအားလျှပ်စစ်ဝန်းအတွင်း ဖွင့်လှစ်ထားရှိသော Smart အထည်ချုပ်လုပ်ငန်းသို့ ရောက်ရှိကြပြီး ပညာရေးဝန်ကြီးဌာနက မှာယူထားသော ကျောင်းဝတ်စုံများ ချုပ်လုပ်နေမှုနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်ချက်များကို ညှိနှိုင်း‌ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါအထည်ချုပ်စက်ရုံကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားများနှင့် အဝေးသို့ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ မိမိတို့ပြည်နယ်သို့ ပြန်လည်အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်သော အခွင့်အရေးရရှိပြီး စုစုပေါင်းလုပ်သား (၁၀၀) ကျော်ခန့် အလုပ်ရရှိခဲ့သည်ဟု သိရှိရပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ပြည်သူများနှင့် တွေ့ဆုံပြီး အားပေးစကား‌ပြောကြားကာ ကလေးငယ်များအတွက် ကစားစရာနှင့် မုန့်များကို ဝေငှထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events