လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်သူများလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံလူဦးရေထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်၍ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်ကိုယ်စား မိမိတို့ဝန်ကြီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ပြည်သူ့အစိုးရအဖွဲ့သစ်၏ မူဝါဒများနှင့်အညီ ၂၀၁၆ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုတက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများကိုလည်း ထည့်သွင်းဖွဲ့စည်းထားရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းနယ်ပယ်(၁၂)ရပ်ပါရှိသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ရေးဆွဲထားရှိပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းနယ်ပယ်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် စီမံချက်သည် အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများ၏ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းပကားမြင့်မားရေးကို ဖော်ဆောင်ပေးမည့်အတွက် နိုင်ငံတော်၏မူဝါဒများ နှင့်လည်း ကိုက်ညီပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက်သာမက ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်လျက်ရှိသော အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကိုလည်း ငြိမ်းချမ်းရေးနှင့်အတူ ထည့်သွင်းဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ သက်မှတ်ပြဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) ကို ဖွဲ့စည်းထားရှိပြီး ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်သမားများ အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုရှိရန်နှင့် ခံယူချက် မှန်ကန်မှုရှိရန် လိုအပ်ကြောင်း၊ လူတိုင်းလူတိုင်း အခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ ဂုဏ်သိက္ခာနှင့် ညီညွတ်စွာ နေထိုင်နိုင်ရေးအတွက် အစိုးရ၊ ပြည်သူ၊ လုပ်ငန်းရှင်များနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမ၌ကျင်းပပြုလုပ်သည့် အမျိုးသမီးများအတွက် လုံခြုံစိတ်ချပြီး ခိုင်မာသော အလုပ်အကိုင်ရရှိစေရန် လုပ်ငန်းခွင်အတွင်း အခြေရှာခြင်းများ ဆောင်ရွက်မည့် အောင်မြင်မှုစီမံချက် မိတ်ဆက်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားခဲ့ပါသည်။ဆက်လက်၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ သက်မှတ်ပြဌာန်းရေးအဖွဲ့၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးမူဘောင်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ရှင်းလင်းပြောကြားပါသည်။
အဆိုပါ စီမံကိန်းကို Livelihoods and Food Security Trust Fund (LIFT) ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ရွှေ့ပြောင်းအမျိုးသမီးများကို ကျွမ်းကျင်မှုသင်တန်းပို့ချပေးကာ အထည်ချုပ် ကဏ္ဍတွင် အလုပ်အကိုင်ရရှိစေရေး ပျိုးပင်နှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီးကျွမ်းကျင်မှု သင်တန်းဌာန များကို လိုအပ်သော နေရာများတွင် တိုးချဲ့ဖွင့်လှစ်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။