နေပြည်တော်၊ မတ်လ (၁၆)ရက်
လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရေး လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို အသုံးပြုဖော်ဆောင်ရမှာဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)နှစ်အရွယ်အထိ ကလေးသူငယ်များကို ထောက်ပံ့ငွေပေးအပ်ခြင်း၊ ယင်းထောက်ပံ့ငွေကို အသက်ပိုကြီးသော ကလေးများအတွက် အဆင့်ဆင့်တိုးချဲ့ပေးအပ်ခြင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးသော အစီအစဉ်များဆောင်ရွက်ခြင်း၊ အများပြည်သူအလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကြောင်းပညာရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ လူမှုရေးပင်စင်အစီအစဉ် ဆောင်ရွက်ခြင်း၊ သက်ကြီးသူချင်း ကူညီစောင့် ရှောက်ရေးအဖွဲ့များအား ထောက်ပံ့ခြင်း၊ ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ စသည့်လုပ်ငန်းစဉ်(၈)ရပ်ပါရှိသော မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့် ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို ရေးဆွဲခဲ့ပြီး ပြည်သူများလွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြည်ထောင်စုလွှတ်တော်၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်သော လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ သက်ကြီးပင်စင်ထောက်ပံ့မှု အစီအစဉ် ရှင်းလင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်(၈)ရပ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြစ်ပါကြောင်း၊ ၄င်းလုပ်ငန်းစဉ်တွင် ပါဝင်သော သက်ကြီးပင်စင်ထောက်ပံ့မှု အစီအစဉ် ဆောင်ရွက်အကောင်အထည်ဖော်နိုင်ရန် ဤအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ သက်ကြီးပင်စင်ထောက်ပံ့မှု အစီအစဉ်များကို ၂၀၁၇ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊ သက်ကြီးပင်စင်ထောက်ပံ့မှုကြောင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများ ပိုမို လက်လှမ်းမီ သုံးစွဲလာနိုင်ခြင်း၊ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်နိုင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်စေခြင်း၊ ရေရှည်ဖွံဖြိုးတိုးတက်စေမည့် မိသားစုအစီအမံများချမှတ်နိုင်ခြင်း၊ လူမှုရေးစုစည်းညီညွတ်မှု ပိုမိုရရှိစေခြင်း၊ ဒေသတွင်း ငွေကြေးလည်ပတ်မှုတိုးတက်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာြဖစ်ကြောင်း၊ သက်ကြီးပင်စင် ထောက်ပံ့မှုကို အသက်အရွယ်အမှန် ၊ အရေအတွက် အမှန်၊ အချိန်မှန် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူနှင့်အနီးစပ်ဆုံးဖြစ်သော လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါကြောင်း၊ မိမိတို့အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်သူများ၊ လူမှုရေး အဖွဲ့အစည်းများ၏ အင်အားကိုရယူ၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ပြည်သူတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ြေပာကြားပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်က သက်ကြီး ပင်စင်၏ အခြေခံသဘောတရားများ၊ ငွေကြေးထောက်ပံ့မှုအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းဆောင်ရွက်မှု၊ ငွေကြေး ထောက်ပံ့မှု အစီအစဉ်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။