လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား MPRL EXP Pte Ltd မှ နိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ ဦးစည်သူမိုးမြင့်နှင့်အဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မေမြင့်မောင် ဦးဆောင်သောအဖွဲ့မှ သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ မတ်လ(၁၆)
e-government လုပ်ငန်းစဉ်သည် ဝန်ကြီးဌာနအနေဖြင့် မဖြစ်မနေပြောင်းလဲအကောင်အထည်ဖေါ်ရမည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လက်ရှိအခြေအနေကိုလေ့လာသုံးသပ်ပြီး နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များနှင့် ပြောင်းလဲ ဆောင်ရွက် သင့်သည့်လုပ်ငန်းများ၊     နိုင်ငံတော်အစိုးရ၏ e-government လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖေါ်မှုနှင့် မိမိတို့ဝန်ကြီးဌာန၏ ပြောင်းလဲဆောင်ရွက်မှုများ ချိတ်ဆက်မိစေရန်လိုအပ်ကြောင်း၊ လက်ရှိမိမိတို့ဝန်ကြီးဌာန၏အ‌ခြေအနေကို သုံးသပ်လေ့လာ၍တင်ပြခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်းဖြင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်က ဝန်ကြီး ဌာနတွင် လာရောက်တွေ့ဆုံသော Myanmar Petroleum Resources Limited Exploration & Production (MPRL EXP Pte Ltd) မှCountry မန်နေဂျာ ဦးစည်သူမိုးမြင့်နှင့်အဖွဲ့အား ပြောကြားခဲ့ပါသည်။ Myanmar Petroleum Resources Limited Exploration & Production (MPRL EXP Pte Ltd) ၏ ပညာရှင်များက ဝန်ကြီးဌာန၏ လက်ရှိ e-government အဖြစ်ပြောင်းလဲဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လေ့လာသုံးသပ်အကြံပေးမှုများပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မေမြင့်မောင် ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ခဲ့ပါသည်။ တွေ့ဆုံရာ၌ အသင်းအနေဖြင့် အိန္ဒိယ နိုင်ငံ၊ Barefoot College နှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ ကျေးလက်ဒေသများမှ အသက် (၄၅) နှစ်မှ (၆၀) နှစ်အကြား အမျိုးသမီးများအား အိန္ဒိယနိုင်ငံသို့ ဆိုလာအင်ဂျင်နီယာ ပညာရပ်သင်ယူရန် စေလွှတ်ခဲ့မှု အ‌ခြေအနေများတင်ပြခြင်း၊ သင်တန်းတက်ရောက်ပြီးစီး၍ ပြန်လည်ရောက်ရှိလာသည့် တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသမီး သင်တန်းသူ (၆) ဦး၏ အတွေ့အကြုံများရှင်းလင်းခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဟင်္သာတ မြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် အိန္ဒိယနိုင်ငံ၊ Barefoot College နှင့် ပူးပေါင်း၍ အာဆီယံနိုင်ငံများအတွက် သက်မွေးပညာသင်တန်းဌာန တည်ထောင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တင်ပြရာတွင် ယခုကဲ့သို့ကျေးလက်ဒေသမှ အမျိုးသမီး များကို အိန္ဒိယနိုင်ငံသို့ ဆိုလာနည်းပညာ (၆) လသင်တန်းစေလွှတ်ပေးနေကြောင်း၊ သင်တန်းတက်ရောက်ပြီးသူ အမျိုးသမီးများမှ ၄င်းတို့ ရပ်ရွာအတွက် ဆိုလာမီးလင်းရေးဆောင်ရွက်ပေးနိုင်သည်သာမက ကျေးရွာ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့်အ‌ခြေအနေများ ပါလိုက်ပါ       တိုးတက်လာအောင်ဦးဆောင်သူများဖြစ်လာပါကြောင်း၊ အမှန်တကယ်တွင် ရပ်ရွာဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာတွင် ပညာတတ်ဖို့ထက် တိုးတက်အောင်ဆောင်ရွက်လိုသည့် နှလုံးသားရှိဖို့သာအဓိကဖြစ်ပါကြောင်း၊ ခိုင်မာသောစိတ်ဓါတ်ရှိလျှင် ကျေးလက်မှ သက်ကြီး အမျိုးသမီးများ ပင်လျှင် ရပ်ရွာဖွံဖြိုးရေးအတွက် ဆောင်ရွက်နိုင်သည်ကို လက်တွေ့ပြသနိုင်ကြောင်း၊ ၄င်းတို့၏စွမ်းပကားသည် ငြိမ်းချမ်းရေးဖြစ်စဉ် တွင်လည်း အထောက်အကူပြုနိုင်ပါကြောင်း၊ ပြန်လည်နေရာချထားသည့် ကျေးရွာများအတွက် အဓိကလိုအပ်ချက်မှာ အခြေခံစားဝတ်နေရေး ဖြစ်ပါ ကြောင်း၊ ဆိုလာနည်းပညာကြောင့် ကျေးရွာများမီးလင်းလာသောအခါ အ‌ခြေချနေထိုင်ရန် အဆင်ပြေလာသဖြင့် လာရောက်နေထိုင်သူ အိမ်ထောင်စုဦးရေတိုးပွားလာကြောင်း၊ မီးလင်းလာပါက ဝင်ငွေရလုပ်ငန်းများလည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယင်းအတွက် လူမှုအဖွဲ့အစည်းများ၏ အင်အားဖြင့်မရဘဲ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက ဝိုင်းဝန်းကူညီရန်လိုအပ်ပါကြောင်း ဆွေးနွေး တင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်းသည် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ယခုကဲ့သို့ ကျေးလက်မှ အမျိုးသမီးများစွမ်းပကားမြှင့်တင်ရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီး ဌာန၏ လုပ်ငန်းတာဝန်များနှင့်လည်း များစွာဆက်စပ်ပါကြောင်း၊ သက်ကြီးအမျိုးသမီးများအ‌နေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရပြီး ရပ်ရွာအတွင်း ဦးဆောင်မှုပေးနိုင်လာသဖြင့် ကျန်သောရပ်ရွာလူထုကလည်း အတုယူဆောင်ရွက်လာမည်ဖြစ်ကြောင်း၊ ဟင်္သာတသင်တန်းကျောင်းတွင် အာဆီယံနိုင်ငံများမှသက်ကြီးအမျိုးသမီးများအတွက် သက်မွေးပညာသင်တန်းဌာန(Vocational Training Centre for ASEAN Countries in Myanmar) ထူထောင်ရေးအတွက် လိုအပ်သည်များပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။

Source:  MSWRR

Sign Up

Upcoming Events