နေပြည်တော်၊ မတ်လ (၁၃)၊ ၂၀၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ UNFPA နှင့် FXB အဖွဲ့တို့ ပူးပေါင်း၍ ကျင်းပသော ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာအမျိုးသားအဆင့် စံလုပ်ငန်းလမ်းညွှန်ချက် ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ မိမိတို့ဝန်ကြီးဌာနသည် ကျား/မအခြေပြုအကြမ်းဖက်မှုများတွင် အမျိုးသမီးများ၏ ကျန်းမာရေး၊ လူမှုရေး၊ တရားစီရင်ရေးကဏ္ဍများ၌ ထိရောက်ပြီး ပြီးပြည့်စုံသော တုံ့ပြန် ဆောင်ရွက်မှုများ၊ လုပ်ငန်းစဉ်များလုပ်ဆောင်ပေးရန်တာဝန်ရှိကြောင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ် များအတွက် ကျား/မအခြေပြုအကြမ်းဖက်ခြင်းဟာ အဓိကကျတဲ့ ပြဿနာတစ်ရပ် ဖြစ်နေပါကြောင်း၊ အကြမ်းဖက်ခံရသူများရဲ့ (၇၀%) သည် ရင်းနှီးကျွမ်းဝင်သူများ၊ ဆွေမျိုးတော်စပ်သူများ၏ အကြမ်း ဖက်မှု ကြောင့်ဖြစ်ပြီး မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်အသက်ဆုံးရှုံနိုင်ချေမြင့်ခြင်း၊ လိင်မှ တဆင့် ကူးစက်ရောဂါများနှင့် HIV/ AIDS ရောဂါကူးစက်ခံရခြင်း၊ မသန်စွမ်းဖြစ်ရခြင်းနှင့် စိတ်ကျန်းမာရေး ထိခိုက်ရခြင်းပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ကျား/မအခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အမျိုးသားအဆင့် စံလုပ်ငန်းလမ်းညွှန်ချက် ရေးဆွဲနိုင်ပါက မြန်မာနိုင်ငံရှိပြည်သူတစ်ရပ်လုံးအတွက် ပတ်ဝန်း ကျင်ကောင်းတစ်ခုကိုဖန်တီးပေးနိုင်ပြီးကျား/မတန်းတူညီမျှမှုအပါအဝင် အမျိုးသမီးအခွင့်အရေးများ အပြည့်အဝ ရရှိပြီး ပိုမိုကောင်းမွန်သော တိုးတက်မှုများရရှိလာနိုင်မှာဖြစ်ကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေမူကြမ်းရေးဆွဲခြင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် ၀န်ဆောင်မှုများ တုံ့ပြန်ဆောင်ရွက်ပေးမည့် လေ့လာဆန်းစစ်မှုတစ်ရပ် ပြုလုပ်နေခြင်း၊ အကြမ်းဖက်မှုအမျိုးမျိုးခံစားနေရသည့် အမျိုးသမီးများအတွက် နားခိုရာနေရာများနှင့် ဝန်ဆောင်မှုများပံ့ပိုးပေးနိုင်သည့် နေရာများအားဆောင်ရွက် ပေးနေခြင်း၊ သက်ငယ်မုဒိမ်းမှုများအား တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် Help Line ဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်း၊ ကလေးသူငယ်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး အာဆီယံဒေသအတွင်းစီမံချက်အား ပါဝင်အကောင်အထည် ဖော်တို့ ဆောင်ရွက်လျက်ကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းနောက် UNFPA မှ လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက်တာဒေါ်လှလှအေးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အမျိုးသား လွှတ်တော်မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အမျိုးသမီးအရေး ဆောင်ရွက် နေသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၂) ရက်ကြာကျင်းပမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
Source : MSWRR