နေပြည်တော်၊၁၁ မတ်လ၂၀၁၇
အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်ရန်ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ ပြည်သူအားလုံးလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ဆက်စပ်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်ဖို့ ပိုမိုလိုအပ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့က ထုတ်ပြန်ထားသည့် လေ့လာမှုစစ်တမ်းအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလျစ်လျူရှုခြင်းသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်း ရေးပန်းတိုင်ကို လျော့ပါးထိခိုက်စေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးရေးရာ ကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ယနေ့နံနက်ပိုင်းက နေပြည်တော် The Lake Garden Hotel တွင်ကျင်းပပြုလုပ်သည့် စဉ်ဆက်မပြတ်ဖွံဖြိုးမှုပန်းတိုင်မှတ်(၅)နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှီးနှောဖလှယ်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်ဖို့ အားပေးဆောင်ရွက်နေသလို ပါဝင်ရန်လည်းတိုက်တွန်းလိုပါကြောင်း၊ဤအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များပါဝင်သည်ကိုတွေ့ရကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လွှတ်တော်ကိုယ်စား လှယ်များ၏ပြည်သူ့အကျိုးလိုအပ်မှုတင်ပြချက်များကို အလေးထား၍ အလျင်အမြန် အကောင်အထည် ဖေါ်ဆောင်ရွက်ပေး နေသကဲ့သို့မိမိတို့ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုလည်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ကြီးများ သဘောပေါက်နားလည်၍ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အမျိုးသမီးထု၏ ဦးဆောင်မှုနှင့်ပါဝင်မှုပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ ယနေ့သည် အမျိုး သမီးလှုပ်ရှားမှုဆိုင်ရာရက်သတ္တပါတ်၏ ဆဌမမြောက်နေ့ဖြစ်ပြီး ဤစဉ်ဆက်မပြတ်ဖွံဖြိုးမှုပန်းတိုင်အမှတ်(၅) နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှီးနှောဖလှယ်ပွဲတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၂၀၁၆ခုနှစ်၊ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ ပြောင်းလဲ နိုင်စွမ်းရှိသောအမျိုးသမီးများညှိနှိုင်းဆွေးနွေးပွဲ၏ ရလဒ်များကို ထည့်သွင်းဆွေးနွေးကြမည်ဖြစ်ပြီး ဝန်ကြီးဌာန က အကောင်အထည်ဖေါ်လျက်ရှိသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံ ကိန်းတွင် အသုံးပြုအကောင်အထည်ဖေါ်ရေး၊ကုလသမဂ္ဂကွန်းဗင်းရှင်းပါ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးပါ မြန်မာနိုင်ငံအတွက် အကြံပြုသုံးသပ်ချက်များကို ဆောင်ရွက်နိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေး(၁၇)ချက်မှ အမှတ်(၅) အချက်ဖြစ်သော ကျား/မတန်းတူညီမျှရေး၊ အမျိုး သမီးများ၊မိန်းကလေးငယ်များအားလုံး စွမ်းပကား မြင့်မားရေးကိစ္စများ ဖြည့်ဆည်းပေးနိုင်ရေး စသည်တို့တွင် အမျိုးသမီးများနားလည်သဘောပေါက်ခြင်းဖြင့် ပါဝင်အားဖြည့်နိုင်ရေး၊ပဋိပက္ခဖြစ်ပွားရာနေရာများတွင် ယာယီ စခန်းများ၌ခေတ္တနေထိုင်နေရသော အမျိုးသမီး၏ ငြိမ်းချမ်းရေးလိုလားမှုနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုများ တွင် အသိတရားဖြင့်အဓိပ္ပာယ်ရှိစွာ ပါဝင်လာရေး၊ဆောင်ရွက်ပေးနိုင်ရေးတို့ကိုမှာကြားတိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။