အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါရည်မှန်းချက်နှင့်အညီ ဖော်ဆောင်ရွက်

8_pic01
နေပြည်တော် မတ် ၇
 
အမျိုးသမီးများနှင့်ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်ရွယ်များအတွက် ဦးစားပေးဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်ဖြစ်သည့် Women and Girls First Initiative စီမံချက် ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Royal ACE Hotelတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမိိျုးသမီးရေးရာကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
 
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား မြန်မာ အမျိုးသမီးထုကြီးရဲ့ အခွင့်အရေးများ အပြည့်အဝရရှိ ခံစားနိုင်ရေး၊ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဝလုံခြုံရေးတို့အတွက် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကို အစိုးရသစ်၏ မူဝါဒများနှင့်အညီ ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ CEDAW အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီအစီရင်ခံစာများ တင်သွင်းလျက် ရှိပါကြောင်း၊ CEDAW ကော်မတီမှ ပေးပို့လာသည့် သုံးသပ်အကြံပြုချက် (၅၆)ချက်နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ တိုးတက်မှုတွေကို နောင်တင်သွင်းမည့် ဆဌမအကြိမ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြရမည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များဖြစ်သော Women and Girls First Initiative စီမံချက်ကို ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း ရခိုင်၊ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ UNFPA တို့နှင့်ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
 
ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ကဏ္ဍအသီးသီးပါဝင်သော ယခုစီမံချက်ကို ဆောင်ရွက်ခြင်းသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)တွင် ပါရှိသော အမျိုးသမီးများနှင့်ကျန်းမာရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးများနှင့်စီးပွားရေး၊ အမျိုးသမီးငယ်ရွယ်များ စသည့် လုပ်ငန်း ဧရိယာ(၅)ရပ်ကို ဖော်ဆောင်ခြင်း ဖြစ်သကဲ့သို့ ၂၀၃၀ အမီ ဆောင်ရွက်ရမည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များအနက် ရည်မှန်းချက် (၅)ရပ်ဖြစ်သည့် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးနှင့် မိန်းခလေးငယ်များအား စွမ်းပကားမြှင့်တင်ရေး ရည်မှန်းချက်ကို ပြည့်မီအောင် အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ အမျိုးသမီးများ ဘဝလုံခြုံရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါ ရည်မှန်းချက်ပြည့်မီရေး ဝိုင်းဝန်းဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီးဖြစ်သူ H.E Staffan Herrstrom နှင့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး Karen MacArthur ဖြစ်သူတို့က စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events