လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ (၂၅) ရက် နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ အနှစ် (၇၀၀) ပြည့် အထိမ်းအမှတ်ပွဲတော်အကြို ပြခန်းများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပြခန်းများ ကို လှည့်လည်ကြည့်ရှုအားပေးပါသည်။ ဆက်လက်၍ မြို့တော်ခန်းမ၌ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထပ်မံပေးပို့သော အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာသိန်းမြင့်က အမှာစကားပြောကြားပါသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထပ်မံပေးပို့သော အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဝါကြီး (၁၁) ဦးအတွက် နိုင်ငံတော်သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာများနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅%) မှ ချီးမြှင့်ငွေ (၁) ဦးလျှင် (၂) သိန်းနှုန်းဖြင့် စုစုပေါင်း (၂၂) သိန်း၊ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထပ်မံထောက်ပံ့ငွေ (၆၅.၆၉) သိန်းနှင့် အမျိုးသမီးအသုံးအဆောင်ပစ္စည်း များကို လူမှုရေးဝန်ကြီးထံပေးအပ်ပါသည်။ ၎င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘိုးဘွားရိပ်သာများ၊ လူငယ်ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလ တန်းကြိုကျောင်းများအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၁၄၀.၆၁) သိန်းနှင့် မုံရွာ မြို့နယ်၊ လှည်းဒါးကျေးရွာနေ ဦးကျော်ရွှေ+ဒေါ်နှင့်းကြည်တို့က မွေးဖွားသော သုံးမွှာ ပူးကလေးငယ်များဖြစ်သည့် မဖြူပြာ၊ မမူရာနှင့် မသူဇာ၊ (၁၅) နှစ်တို့အတွက် ပညာသင်ထောက်ပံ့ကြေး (၁) ဦးလျှင် (၂) သိန်းနှုန်းဖြင့် စုစုပေါင်း (၆) သိန်းတို့ကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။