ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

5_pic03
နေပြည်တော်၊ မတ်လ (၅) ရက်

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာမည့် ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်အရ လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ထားပါကြောင်း၊ ထိုလုပ်ငန်းစဉ်များအရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာမည့် ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ်ကို ၂၀၁ရခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားပါကြောင်း၊ လူ့ဘဝတစ်လျောက်လုံးအတွက် ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိရန် လူသားဘဝအစ ရက်(၁၀၀၀)သည် အာဟာရပြည့်ဝရန် အလွန်အရေးကြီးပါကြောင်း၊ မိခင်တစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလ၊ မီးနေသည်ကာလနှင့် နို့တိုက်မိခင်ကာလများသည် အာဟာရပြည့်ဝရန် လိုအပ်သဖြင့် ဖြည့်စွက်အာဟာရစားသောက်ရန်အတွက် တစ်လလျှင် (၁၅၀၀၀) ကျပ် ထောက်ပံ့ပေးမည်ဖြစ်ပြီး တစ်နေ့လျှင် (၅၀၀) ကျပ် အာဟာရဖြည့်စွက် စားသုံးနိုင်မည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ထိရောက်သောအာဟာရရရှိပါက ခန္ဓာကိုယ်ပုံမှန်ကြီးထွားပြီး ဦးနှောက်ဖွံ့ဖြိုးမှုကောင်းသော ကလေးငယ််များ ဖြစ်လာမည်ဖြစ်ပြီးအနာဂါတ်မြန်မာနိုင်ငံအတွက် အားထားရမည့် မျိုးဆက်သစ်များရရှိမည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေကို ကိုယ်ဝန်ဆောင်နှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများ အာဟာရပြည့်ဝရေးအတွက် ထိရောက်စွာအသုံးချရန် လိုအပ်ပါကြောင်း၊ အစားအစာများသန့်ရှင်းလတ်ဆတ်ရေး၊ အာဟာရပြည့်ဝစွာစားသုံးရေးတို့အတွက်လည်း အသိပညာပေးအစီအစဉ်များကို ပူးတွဲဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေးစောင့်ရှောက်မှုခံယူလာကြခြင်းဖြင့် မိခင်နှင့်ကလေးသေဆုံးမှုနှုန်းများ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ ငွေကြေးထောက်ပံ့ပေးခြင်းအစီအစဉ်ဖြစ်သဖြင့် ဒေသတွင်းရှိအစားအစာများကိုဝယ်ယူစားသုံးကြမှာ ဖြစ်သောကြောင့် ဒေသတွင်းငွေကြေးစီးဆင်းမှုကိုလည်း အထောက်အကူဖြစ်ပါကြောင်း၊ ယခုအစီအစဉ်ကို ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်ဝန်ဆောင်မိခင်များလည်း သိရှိပြီးလိုက်ပါဆောင်ရွက်ကြခြင်းဖြင့် မြန်မာတစ်နိုင်ငံလုံးရှိကလေးသူငယ်များ၏ ဖွံ့ဖြိုးတို်းတက်မှုအတွက် အထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသတွင်းတာဝန်ရှိအဖွဲ့အစည်းများ၊ ပြည်သူများ၊ သတင်းမီဒီယာများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုုပ် ဒေါက်တာစမ်းစမ်းအေးက ရှင်းလင်းပြောကြားခဲ့ပါသည်။    အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရ/သုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ LIFT Fund နှင့် UNICEF တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေး ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events