လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများမှတဆင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စုပေါင်းရုံးခန်းမ၌ ယနေ့ကျင်းပပြုလုပ်သော ကယ်ဆယ်ရေးစခန်းတာဝန်ခံများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများအနေဖြင့် အခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီရေးနှင့် လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာစေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများရေးဆွဲပြင်ဆင်ပြဌာန်းနိုင်ရေးတို့ကို ဆောင်ရွက်နေပါကြောင်း၊ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုဖြင့် စခန်းများတွင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုဖြစ်ပြီး အသိ၊ ကျွမ်းကျင်မှု၊ ကျင့်ဝတ်နှင့် ပြည့်စုံမှုတို့ဖြင့် ဆောင်ရွက်ကြရမည့်အချိန်ဖြစ်ပါကြောင်း၊ စခန်းများအတွင်းရှိကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအတွက်လည်း ၄င်းတို့၏အခွင့်အရေးကို ဥပဒေပြဌာန်းချက်နှင့်အညီရရှိစေဖို့ကိုလည်း အမြဲထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ စခန်းများရှိလူငယ်များ၏ အခန်းကဏ္ဍကိုလည်း မေ့လျော့နေ၍ မရဘဲလူငယ်မူဝါဒရေးဆွဲနေချိန်မှာ ၄င်းတို့၏ အသံများပါဝင်နိုင်ရေးအတွက် စဉ်းစားပေးရန်လိုအပ်ပါကြောင်း၊ စခန်းအတွင်းမူးယစ်ဆေးဝါးများနှင့်ပတ်သက်၍လည်း ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ပေးကြရန်နှင့် စခန်းအုပ်ချုပ်သူတာဝန်ခံများအနေဖြင့်လည်း စခန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းစွာတင်ပြပေးကြရန်၊ တင်ပြချက်များကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် UN, INGO အဖွဲ့တို့ ပူးပေါင်းဖြေရှင်းပြီးပြည်သူများနှင့် လက်တွဲကာပြည်သူများနှင့်လက်တွဲကာ ဆောင်ရွက်ပါက အောင်မြင်မည်ဟုယုံကြည်ပါကြောင်းဖြင့် ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော စခန်းတာဝန်ခံအုပ်ချုပ်သူများက ၄င်းတို့စခန်းများရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စရပ်များ၊ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်များ ဖွင့်လှစ်သင်ကြားနိုင်မှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်လိုသောလုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့က ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၊ UN, INGO များနှင့်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို လက်တွေ့ကျကျဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြန်လည်ညှိနှိုင်းဆွေးနွေးပေးခဲ့ပါသည်။
အထက်ပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့မှ ကယ်ဆယ်ရေးစခန်းတာဝန်ခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ INGO အဖွဲ့အစည်းများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။