ရန်ကုန်၊ မတ်လ (၂)
မသန်စွမ်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးဖြစ်ရာ မသန်စွမ်းများ၏ အခွင့်အရေးများကို အတတ်နိုင်ဆုံးပြည့်ဝစွာ ခံစားရရှိနိုင်ရေးအတွက် မသန်စွမ်းနည်းဥပဒေများကို ရေးဆွဲပြီးဖြစ်ရာ အတည်ပြု ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ မသန်စွမ်းသူများသည် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို သင်ကြားလေ့လာခွင့်ရရှိပြီး မိမိကိုယ်တိုင်ရပ်တည်နိုင်သည့် အခြေအနေသို့ ရောက်ရှိရန် လေ့ကျင့် သင်ကြားလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) သို့ ယနေ့ရောက်ရှိကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက ကျောင်း၏သမိုင်း အကျဉ်းနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ သက်မွေး ပညာသင်ကြားနေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်လိုသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြ ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဝင်းအတွင်းဖွင့်လှစ်ထားရှိသော ဆံသလုပ်ငန်း၊ ပိုးဇာ ပုံနှိပ်လုပ်ငန်း၊ အီလက်ထရောနစ်ပြုပြင်ခြင်းလုပ်ငန်း၊ စက်ချုပ်သင်တန်း၊ ဓာတ်ပုံသင်တန်းနှင့် ကွန်ပျူတာ သင်တန်းများ ဖွင့်လှစ်သင်ကြားမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး သင်တန်းသားများကို အားပေး စကားပြောကြားခဲ့ပါသည်။ ထို့နောက် မသန်စွမ်းသက်ကြီး သင်တန်းကျောင်း (ရန်ကုန်) ရှိ ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများနှင့် အတူအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်) သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မာရီက ကျောင်း၏ဆောင်ရွက်ချက်များ၊ သင်တန်းသား ကလေးငယ်များ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုနှင့် ကလေးငယ်များ၏ စွမ်းဆောင်နိုင်မှုများကို ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ကလေးငယ်များ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲအလေးထား ဆောင်ရွက်ပေးရန်နှင့် ကလေးငယ်များကို မေတ္တာစိတ်ဖြင့် ပြုစုပျိုးထောင်ပေးကြရန် အဆောက်အဦများကို စနစ်တကျထိန်းသိမ်းထားရှိရန်၊ ပြုပြင်ရန် လိုအပ်သော အဆောက်အဦများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ မွမ်းမံပြင်ဆင်ပြီး အကျိုးရှိစွာ ပြန်လည် အသုံးပြုနိုင် ရေးကို ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကိုလည်း အမြန်ဆုံးဖြည့် ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ကချင်ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်နေသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက လှူဒါန်းငွေ ကျပ်သိန်း (၃၀၀၀) လွှဲပြောင်းပေးအပ်ပွဲသို့တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဖြစ်ပွားခဲ့ သော တိုက်ပွဲများကြောင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်ခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ကယ်ဆယ် ရေးစခန်းများတွင် ခေတ္တပြောင်းရွေ့နေထိုင်နေသူများ အနေဖြင့် စခန်းများတွင် ကြာရှည်စွာနေထိုင်ခြင်းဖြင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သက်မွေး ဝမ်းကြောင်းအလုပ်အကိုင်များ များစွာနစ်နာဆုံးရှုံး ကြမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ပြည်နယ်အစိုးရနှင့် ပူးပေါင်းပြီး အကောင်းဆုံးအခြေအနေတစ်ရပ် ဖြစ်စေရန် ဆောင်ရွက်ပေးဖို့ ဆန္ဒရှိပါကြောင်း၊ မိမိအရပ်ဒေသသို့ ပြန်လည်ရောက်ရှိကြသည့် အခါတွင် လည်းကောင်း၊ ကောင်းမွန်သောအခြေအနေသစ်တစ်ခု ဖန်တီးပေးနိုင်လျှင်သော်လည်းကောင်း၊ အသက် မွေးဝမ်းကြောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်သည်အထိ လိုအပ်ချက်များအတွက်လည်း အသုံးပြုရန် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် အခြားအကြောင်းတစ်ရပ်မှာ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသော ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုကြောင့် ပြည်သူများအသက် ဆုံးရှုံးရသည့်ဖြစ်စဉ်များအပေါ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ ၏ ဦးဆောင်မှုဖြင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းကာ ကြိုတင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုလည်း ပါဝင်ဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၃၀၀၀) ကို ပြည်ထောင်စုဝန်ကြီးက လွှဲပြောင်းပေးအပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
အဆိုပါအလှူငွေ လွွှဲပြောင်းလက်ခံပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြပါသည်။
အထက်ပါ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ လှူဒါန်းငွေများကို နယ်မြေလုံခြုံရေးအခြေ အနေကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်နေသူများအား ရိက္ခာထောက်ပံ့ခြင်း နှင့် ရေရှည်အလုပ်အကိုင် အခွင့် အလမ်း ဖော်ဆောင်ရာတွင်လည်း အဓိကအသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။