
နေပြည်တော်၊ ၂၀၁၇ ခုနှစ် မတ်လ ၂ ရက်နေ့
ကလေးသူငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုသည် အရေးကြီးပြီး ကလေးသူငယ်တိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်နှင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆက်ဆံခွင့် စသည့် ကလေးသူငယ်အခွင့်အရေးများ ရရှိရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဥပဒေ၊ နည်းဥပဒေ များ၊ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သာဝတ္တိမြို့၊ မဟာပရဟိတ (စမတောင်) သို့ သွားရောက်၍ လက်ခံစောင့်ရှောက်ထားသည့် ကလေး များအား ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံံဖြိုးရေးဆိုင်ရာ မူဝါဒများ၊ မူကြိုနည်းပညာရပ်များနှင့်အညီ လူမှုဝန်ထမ်း နည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်မှုပေး နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပိုမိုထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များကို ဂေဟာတာဝန်ရှိသူများနှင့် ဆွေးနွေး ဆောင်ရွက်ခဲ့ကာ ဝန်ကြီးဌာနက ပေးအပ်သော အလှူငွေကျပ် (၂)သိန်းကို ပေးအပ်လှူဒါန်းပြီး ဂေဟာဝင်းအတွင်း လှည့်လည်ကြည့်ရှု့ကာ ကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စားစရာ များ ပေးအပ်ခဲ့ပါသည်။ အဆိုပါ ဂေဟာသည် လူမှုဝန်ထမ်းဦးစီးဌာန၏ တတိယအဆင့် အသိအမှတ်ပြု ဂေဟာဖြစ်ပြီး လက်ရှိတွင် ကလေးသူငယ် (၆၇၀) ဦးခန့်အား ပြုစု စောင့်ရှောက်ထားရှိပါသည်။
ယင်းနောက် ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက အောက်ခြေတွင် ပြည်သူနှင့်တိုက်ရိုက် ထိတွေ့ပြီး လုပ်ငန်းများဆောင်ရွက်နေသည့် တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း အဓိပ္ပာယ်ရှိသည့် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြည်သူလူထုအတွက် ပိုမိုအကျိုး ရှိနိုင်ပါမည့် ကောင်းမွန်သည့် ပြောင်းလဲမှုများကိုသာ ဖော်ဆောင်လျက်ရှိရာ လက်ရှိ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးပေးစေလိုပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့သည် ဒီမိုကရေစီကူးပြောင်းရေးကာလတွင် အရေးပါသည့် မဏ္ဍိုင်များဖြစ်ပြီး ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဥပဒေနှင့် အညီဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ ဘတ်ဂျက်ငွေကို စီမံ ခန့်ခွဲဆောင်ရွက်ရခြင်းဖြစ်၍ မျှတစွာ ဆုံးဖြတ်သုံးစွဲရမည်ဖြစ်ပြီး ဥပဒေပြုရေး မဏ္ဍိုင်မှာ ဘတ်ဂျက်ချထားသည့် လုပ်ငန်းဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနတွင်လည်း မူဝါဒအသစ် ဖော်ဆောင်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူအကျိုးကို စိတ်ထားကောင်းကောင်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် မိမိတို့အားလုံးသည် ဇာတ်ခုံပေါ် တွင် ကျရာဇာတ်ရုပ်ဖြင့် သရုပ်ဖော်ဆောင်ရွက်နေရပြီး ပြည်သူလူထုသာမက လုပ်ငန်းတူ အဖွဲ့သားများအားလုံးကပါ စောင့်ကြည့်ခံရသူများဖြစ်ပါကြောင်း၊ တစ်ယောက်ချင်းစီက ပီပီပြင်ပြင်သရုပ်ဆောင်ပြီး တစ်ညီတစ်ညွတ်တည်း မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒကိုဖော်ဆောင်ရာတွင် စဥ်ဆက်မပြတ် ဖွံံဖြိုးမှုပန်းတိုင် (၁၇) ရပ်နှင့်အညီ ဖော်ဆောင်နိုင်ရေး ထည့်သွင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက အပြောင်းအလဲကို ဖော်ဆောင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ များ၊ ပြောင်းလဲဆောင်ရွက်နိုင်သည်များ၊ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ ရှေ့ဆက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။