“လူမှုပေါင်းစည်းမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း” ဖွင့်လှစ်မှုသတင်း

28_pic01 28_pic02

နေပြည်တော်၊ ၂၀၁၇ ခုနှစ်  ဖေဖော်ဝါရီလ (၂၇) ရက်နေ့

 လူမှုရေးဝန်ဆောင်မှုများပေးရာတွင် ဖြစ်ရပ်အကြောင်းအရာ အမျိုးမျိုးကွဲပြားသလို  ပြဿနာပဋိပက္ခများ၏ အတိမ်အနက်အလိုက် အကူအညီဖော်ဆောင်ပေးရန် အရေးကြီးပါကြောင်း၊ အစိုးရက ဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ပြည်သူအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု (Social  Cohesion) မတူကွဲပြားမှုများထဲက တူညီသော အချက်များကို စုပြီးညီညွတ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ တိုးတက်ပွားများလာပြီး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံသားများ၏လုံခြုံရေး၊ လူမှု ဝန်ဆောင်မှုများ စသည်တို့ကို ပိုမိုတုံ့ပြန်ဆောင်ရွက်ပေးနိုင်ပါရန် လူမှုကျွမ်းဝင်ရင်းနှီး ပေါင်းစပ်မှု ( Social  Cohesion ) ဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက်နိုင်လျှင် စီမံခန့်ခွဲ နိုင်ခြေများလာပြီး ပြည်သူ့ယုံကြည်မှု ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းက နေပြည်တော်၊ အမရာဟိုတယ်၌ ကျင်းပပြုလုပ်သည့် လူမှုရေးပေါင်းစည်းမှုဆိုင်ရာ အရည်အသွေး မြှင့်တင်ရေးအစီအစဉ်သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Park  Royal  Hotel  ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ ရပ်ရွာလူထုအတွင်း တွေ့ရသော လူမှုရေးအရ ကူညီထောက်ပံ့မှု အလေ့အကျင့်များနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူတိုင်းအခြေခံ လူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ ဂုဏ်သိက္ခာနှင့်ပြည့်စုံတဲ့ လူ့အသိုက်အဝန်းတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် မူဝါဒချမှတ်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ရပ်ရွာလူထုအတွင်း ဆောင်ရွက်လျက်ရှိသော လူမှုရေးဆိုင်ရာ ပူးပေါင်းကူညီမှု ဓလေ့ထုံးစံများနှင့် ပူးပေါင်း၍ဆောင်ရွက်ပါက ပြည်သူများပိုမိုအကျိုး ရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ နေပြည်တော် (ရုံးချုပ်) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တိုင်းရင်းသားဝန်ထမ်း များနှင့်လည်းကောင်း၊ အသက် (၃၅) နှစ်အထက် ဝန်ထမ်းများနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံ၍  နိုင်ငံသားတွေဖြစ်တဲ့  တိုင်းရင်းသား  ဝန်ထမ်းများနှင့်ပတ်သက်ပြီး တန်းတူသဘောထားရှိပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍လည်း မခွဲခြားပါကြောင်း၊ အစိုးရသစ်အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့်သာ ရယူနိုင်မည်ဖြစ်၍ မတူညီတဲ့ အမြင်တွေကို ပေါင်းစည်းပြီး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပြည်သူ့အကျိုးထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်သူ့အသံကို နားထောင်၍ ပြည်သူ၏ ယုံကြည်မှုရရှိအောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ဤသို့ တွေ့ဆုံခြင်းမှာ ဝန်ကြီးဌာနရှိ ဝန်ထမ်းအချင်းချင်း ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ အထက်အောက် အပြန်အလှန် လေးစားမှုနှင့် ပွင့်လင်းမြင်သာရှိမှု ရရှိစေရန်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကာ ဝန်ထမ်းများက သိရှိလိုသည်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် စပ်လျဉ်းပြီး ၎င်းတို့၏ သဘောထားအမြင်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events