လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၁) ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပပြုလုပ်သော “ပဲရစ်ကတိကဝတ်များနှင့် ကျင့်ဝတ်များ စတင်အတည်ပြုခြင်း ၁၀ နှစ်ပြည့်ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံ၌ ပြည်ထောင်စုဝန်ကြီးသည် နော်ဝေနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Ms. LAILA BOKHARI နှင့်လည်းကောင်း၊ လက်နက်ကိုင်ပဋိပက္ခ အခြေအနေနှင့်ဆက်စပ်နေသော ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Leila Zerrougui နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် “ကလေးသူငယ်များအား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် စုဆောင်းခြင်းအား တားဆီး ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ပြန်လည်နှုတ်ထွက်ခွင့်ပေးခြင်း၊ ပြန်လည်ပေါင်းစည်းပေးခြင်းတို့အား ထိရောက်သော အထောက်အကူပေးခြင်း” ဆက်စပ်ဆွေးနွေးပွဲ သို့တက်ရောက်၍ အဆိုပါအကြောင်းအရာနှင့်ပတ် သက်သော မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်း၌ လက်နက်ကိုင် ပဋိပက္ခအခြေအနေများနှင့် ဆက်စပ်နေသော ကလေး သူငယ်များဆိုင်ရာ ပဲရစ်ကတိကဝတ်နှင့် ကျင့်ဝတ်များအပေါ် မြန်မာနိုင်ငံမှ သဘောတူအတည်ပြုကြောင်း လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါလက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ ပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ယူနီဆက် အမှုဆောင်အရာရှိချုပ်တို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်မှူးကြီးထွန်းထွန်းဝင်း တို့လည်းတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MSWRR