ပြည်သူ့အကျိုးဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်မှုသတင်း

19 Pic02

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အရေးကြီးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်း အခြေခံလူ့အခွင့် အရေး ရရှိရေး ဒီမိုကရေစီစံနှုန်းများနှင့်အညီဖြစ်စေရေး လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသည့် လူမှု အသိုက်အဝန်းတစ်ရပ်ဖြစ်စေရေးအတွက် မူဝါဒများချမှတ်၍ မွေးကင်းစမှ သက်ကြီး ရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးတွင်ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ၍ ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်သူများအသုံးပြုရန် ဝန်ကြီးဌာနမှ ထောက်ပံ့သော ရေဒီယို (၂၀၀) လုံးနှင့် အသံချဲ့စက်ပစ္စည်းစုံ (၃) စုံအားလည်းကောင်း၊ မြို့ချောင်း ကျေးရွာအုပ်စု၊ ရွှေဂျို့ပင်ကျေးရွာ၊ မူလတန်းလွန်ကျောင်းဝန်းအတွင်း၌ သန့်ရှင်းသော သောက်သုံးရေရရှိရန် ခက်ခဲမှုကို ဖြေရှင်းနိုင်ရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ်(၂၇)သိန်းအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ ကိုယ်စားလှယ်တစ်ဦးမှ လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ စစ်တောင်း မြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရေးအတွက် ပန်းတာဆောက်လုပ်မည့်နေရာသို့ သွားရောက် ကြည့်ရှုပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် (၁၁၉.၁၄၅)သန်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါပန်းတာ တည်ဆောက်ခြင်းဖြင့် မီးရထားလမ်း၊ မော်တော်ကားလမ်းများနှင့် စိုက်ပျိုးမြေဧက (၃၀၀၀၀) ကျော်အား ရေလွှမ်းမိုးခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိစေသော လုပ်ငန်းဖြစ်ပါသည်။ ၎င်းအပြင် ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း (၁၀) ကျောင်းမှ ကျောင်းသား/သူများ ညအချိန် စာကြည့်ရာတွင် အသုံးပြုရန် ဆိုလာမီးအိမ် (၅၀) လုံးအားလည်း ထောက်ပံ့ပေး အပ်ခဲ့ပါသည်။မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်လေးပင်မြို့နယ်၊ စည်ပင် သာယာရေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူလူထုဖွံ့ဖြိုးတိုးတက်မှုဌာန/ မူလတန်း ကြိုကျောင်း တည်ဆောက်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် (၁၁၆.၈၀၀) သန်းအား ထောက်ပံ့ပေးအပ်ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၎င်းအဆောက်အဦဆောက်လုပ်မည့် မြေနေရာရှိ ပန္နက်တင်အခမ်းအနားသို့ တက်ရောက်၍ သတ်မှတ်နေရာများတွင် ပန္နက်ရိုက် ပေးခဲ့ပါသည်။ အဆိုပါအဆောက်အဦသည် သာမန်အချိန်တွင် မူလတန်းကြိုကျောင်း အဖြစ် အသုံးပြုနိုင်မည် ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ် ခိုလှုံရာအဆောက်အဦအဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။ခရီးစဉ်အတွင်း ပြွန်တန်ဆာမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံသို့သွားရောက်၍ လူနာများအား ကြည့်ရှုအားပေးစကားပြောကြားပြီး အင်းဝိုင်းဆရာတော်ထံမှ ဆုံးမ ဩဝဒခံယူကာ လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ မဒေါက်မြို့၊ ပန်းငွေရုံ ကျောင်းတိုက်ဆရာတော်နှင့် ပဲခူးမြို့၊ ကြခတ်တောရဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်၊ ဆရာတော်အား သွားရောက်ဖူးမျှော်၍ အလှူငွေများအား ဆက်ကပ်လှူဒါန်းကာ ကြခတ်တောရဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်တွင် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ရပ်ရွာအခြေပြုအဆင့်မြင့် အပ်ချုပ်သင်တန်း တက်ရောက်နေသော သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ထို့နောက် ပဲခူးမြို့ရှိ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် မူလတန်း ကြိုကျောင်းအားလည်းကောင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဆောက်လုပ်နေမှု အားလည်းကောင်း သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည် များအား ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events