ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်းအမှတ်စဉ် (၁၂/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ အမှာစကားပြောကြားပါသည်။ ထို့နောက် ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်က နှုတ်ခွန်းဆက်စကားပြောကြားပါသည်။
အစီအစဉ်အရ ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် (၃၁)သိန်းခန့် တန်ဖိုးရှိ စောင်အထည် (၅၀၀)၊ ခြင်ထောင်အလုံး (၁၀၀) အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ငွေသား (၈.၉၄) သိန်းနှင့် (၁.၇၆)သိန်းခန့် တန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းများ၊ အမ်းမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် ငွေသား (၂၂၈.၈၄)သိန်းနှင့် (၄၄.၅၇)သိန်းခန့် တန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းများ၊ သံတွဲမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ငွေသား (၁၁၈.၂၈)သိန်းနှင့် (၉.၀၄) သိန်းခန့် တန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းများ၊ ဂွမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ငွေသား (၅၈.၆၇) သိန်းနှင့် (၄.၈၅) သိန်းခန့် တန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းများ၊ တောင်ကုတ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ငွေသား (၁၄၃.၅၁) သိန်းနှင့် (၂၈.၂၄) သိန်းခန့် တန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းများ၊ မောင်တောမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ငွေသား (၂၆.၅၇) သိန်းနှင့် (၄.၈၅) သိန်းခန့် တန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းများ၊ စစ်တွေခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာ (၁) ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၂) ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၁) ကျောင်းအတွက် (၂၁၆.၃၅) သိန်း၊ မြောက်ဦးခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၃) ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၂) ကျောင်းအတွက် (၂၀၀.၀၄) သိန်း၊ ကျောက်ဖြူခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၂) ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၀) ကျောင်းအတွက် (၁၂၄.၁၉) သိန်း၊ သံတွဲခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာ (၂) ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၉) ကျောင်း အတွက် (၉၃.၇) သိန်း၊ မောင်တောခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၂) ခုနှင့် ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း (၆) ကျောင်းအတွက် (၁၆၈.၂၈) သိန်း၊ စုစုပေါင်းကျပ်သိန်းပေါင်း (၁၃၈၇.၃၉) သိန်း နှင့် (၉၄) သိန်းခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်ပြီး ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမူလတန်းကြိုကျောင်းတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း အမှတ်စဉ် (၁၂/၂၀၁၅) သင်ကြားနေမှုကို ကြည့်ရှုအားပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်အတူ စစ်တွေမြို့နယ်၊ ဆပ်ရိုးကျ ရခိုင်တိုင်းရင်းသားကျေးရွာသို့ သွားရောက်ကာ ကျေးရွာကယ်ဆယ်ရေးစခန်းတွင် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်သူများ၏ လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။