လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စစ်တွေအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် စစ်တွေကလေးပြုစုရေးဌာနများ ဖွင့်လှစ်ခြင်း

ရခိုင်ပြည်နယ် စစ်တွေမြို့၊ စစ်တွေအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ဖွင့်ပွဲအခမ်းအနားအား ဇူလိုင်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား နံ့သာရည်များဖြင့် ပက်ဖျန်းကာ အဆောက်အဦကို လှည့်လည်ကြည့်ရှု၍ သင်တန်းတက်ရောက်နေသော သင်တန်းသူများအား အိမ်တွင်းမှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စစ်တွေကလေးပြုစုရေးအဆောက်အဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းအား နံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး ကလေးဆောင်များနှင့် အဆောက်အဦးသစ်အား လှည့်လည်ကြည့်ရှုပါသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၁၀)နှစ် စီမံကိန်း (၂၀၁၃-၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ စီမံကိန်း၏ အဓိကလုပ်ငန်းစဉ် (၁၂) ရပ်အနက် ပထမလုပ်ငန်းစဉ်မှာ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု ဖြစ်ပါကြောင်း၊ ဒီကဏ္ဍကို အကောင်အထည်ဖော်တဲ့အနေနဲ့ အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းတွေကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ပုသိမ်၊ တောင်ငူမြို့တို့မှာ ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ ဒီကနေ့မှာတော့ နိုင်ငံတော်မှ ၂၀၁၄-၂၀၁၅၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၂၁၇၂) သိန်း နဲ့ ဆောက်လုပ်ပြီးစီးခဲ့တဲ့ စစ်တွေမြိို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းကို ထပ်မံ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ (၁၁၈) သိန်းခန့် တန်ဖိုးရှိတဲ့ သင်ထောက်ကူပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့တွင်လည်း မကြာခင် တိုးချဲ့ဖွင့်လှစ်နိုင် တော့မှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့မှာ လည်း အဆောက်အဦ တည်ဆောက်နေပြီ ဖြစ်ပါကြောင်း၊ ယခုလို ကျောင်းအခြေပြု (Institutioin based) အိမ်တွင်းမှုပညာများကို သင်ကြားပေးနေသလို သင်တန်းကျောင်းမှာလာရောက် ပညာသင်ကြားနိုင်ခြင်းမရှိတဲ့ အမျိုးသမီးများအတွက် ရပ်ရွာအ‌ြေခပြု (Community based) အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာများကို ရပ်ကွက်/ကျေးရွာများသို့ သွားရောက်သင်ကြားပို့ချပေးလျှက်ရှိပါကြောင်း၊ မိမိတို့ ၀န်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ရဲ့ အခြေခံအကျဆုံးဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး‌မှုလုပ်ငန်း (Early Childhood Care and Development Services) ကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဌာန(၆)ခုကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်၍ ပြုစုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ၂၀၁၄-၂၀၁၅၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၁၄၂၄) သိန်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကလေးပြုစုရေးဌာန(၁)ခုကို ထပ်မံ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ (၃၆)သိန်းခန့် တန်ဖိုးရှိတဲ့ အထောက်အကူပြု ပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ဆက်လက်၍ ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ် လူမှု၀န်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနများရှိ ၀န်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေခရိုင်ကယ်ဆယ်ရေးဂိုဒေါင်များအား လည့်လှည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

Sign Up

Upcoming Events