လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇူလိုင်လ (၅) ရက်နေ့တွင် ဖျာပုံမြို့၊ (၁၈) ရပ်ကွက်၊ ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၌ အလှူရှင်ပြည်သူမှ လှူဒါန်းသော သုခဆောင်ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး ဘိုးဘွားများအား လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ငွေလှူဒါန်းပါသည်။ ထို့နောက် တိုက်သစ်ဘုန်းတော်ကြီးကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းသား/ကျောင်းသူများကို ဆုံးမသြဝါဒစကားပြောကြားကာ ဆုရရှိသူများအား ဆုချီးမြှင့်ပေးပါသည်။ မွန်းလွဲပိုင်းတွင် အောက်ကွင်းကြီးကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာနမှ လှူဒါန်းထားသော ရွှေမန်းကွန်ကရစ်လမ်းနှင့် အ.မ.ကကျောင်းရှေ့ ကွန်ကရစ်လမ်းများဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မိသားစုသုံးပစ္စည်းများထောက်ပံ့ပေးပါသည်။
ဇူလိုင်လ (၆) ရက်နေ့တွင် ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတသာသနဓဇဓမ္မာစရိယဘဒ္ဒန္တဝေပုလ္လအား သိက္ခာထပ်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပါသည်။ မွန်းလွဲပိုင်းတွင် ဒေးဒရဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျုံကရင်/ကျုံကလာကျေးရွာ ရွာလုံးကျွတ်မီးလင်းရေးအတွက် ဆိုလာပါဝါများ ထောက်ပံ့ပေးပြီး ကျုံမှော်ကျေးရွာ ရွာလုံးကျွတ်မီးလင်းရေးအတွက် အင်ဂျင်မီးစက်ထောက်ပံ့ရန် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။