နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Committee For Women Affairs – MNCWA) ကို ပြည်သူ့အစိုးရအဖွဲ့သစ်၏ မူဝါဒများနှင့်အညီ ၂၀၁၆ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးက ဉက္ကဌအဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက်ကြွစွာပါ၀င်ဆောင် ရွက်လျက်ရှိသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများကိုလည်း ပါ၀င်ဖွဲ့စည်းထားရှိပါကြောင်း၊ အဆိုပါအဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါကြောင်း (၁၅-၂-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အဆိုပါအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဉက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောကြားခဲ့ပါသည်။
ပြည်ထောင်စု၀န်ကြီးက ဆက်လက်ပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (United Nations Convention on the Elimination of all forms of Discrimination Against Women-UNCEDAW) ကို ၁၉၉၇ခုနှစ်၊ ဇူလိုင်လတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာကိုလည်း ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလက တင်သွင်းခဲ့ပါကြောင်း၊ စာချုပ်အဖွဲ့၀င်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများနှင့် ဘ၀ဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်ခံရမှုများမရှိစေရေးတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (MNCWA) အနေဖြင့် မူ၀ါဒ (၄) ရပ်ချမှတ်ကာ အမျိုးသမီးရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရကိုယ်စား အဓိကတာ၀န်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊
အမျိုးသမီးများ အခွင့်အရေး အပြည့်အ၀ရရှိခံစားနိုင်စေရန် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၃-၂၀၂၂) (National Strategic Plan for Advancement of Women-NSPAW) ကိုလည်း လုပ်ငန်းစဉ် (၁၂) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဉပဒေပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် နားခိုရာနေရာများနှင့် ၀န်ဆောင်မှုများပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် One Stop Women Support Center – OSWSC) ဖွင့်လှစ်နိုင်ရေးနှင့် အာဆီယံအမျိုးသမီးရေးရာ ကော်မတီ၏လုပ်ငန်းအစီအစဉ်များကိုလည်း ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ချမှတ်ထားသော မူ၀ါဒ၊ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် လူမှုရေးအဖွဲ့အစည်းများက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များတွင် ပါ၀င်သော ရည်မှန်းချက်များနှင့်အညီ ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ချုပ်ဉက္ကဌ ဒေါက်တာသက်သက်ဇင်က အဖွဲ့ချုပ်၏ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ခင်းကျင်းပြသထားသော ဓာတ်ပုံမှတ်တမ်းများကို ကြည့်ရှု့ခဲ့ပါကြောင်း သိရှိရပါသည်။