ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ နှင့်တွေ့ဆုံပြီး လူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ပြည်သူလူထုအတွင်း အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၂) နှစ်မြောက်မွေးနေ့(မြန်မာနိုင်ငံကလေးများနေ့) အား ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ပဲနို့အာဟာရတိုက်ကျွေးမှုသတင်း

လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂ဝ၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ ညနေ (၃းဝဝ) နာရီတွင်  ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင်ရှိသော ဘုရားဖြူ သူငယ်တော်ယေဇူး မသန်စွမ်းနှင့်မိဘမဲ့ဂေဟာသို့ သွားရောက်၍ မိဘမဲ့ကလေးသူငယ်များ မသန်စွမ်းကလေးငယ်များ၊ မသန်စွမ်း လူငယ်များနှင့်တွေ့ဆုံပြီး မသန်စွမ်း များအား ပြုစုစောင့်ရှောက်နေမှုများကို လေ့လာကြည့်ရှုကာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူငယ်တော်ယေဇူး မသန်စွမ်းနှင့်မိဘမဲ့ ဂေဟာသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲ (၄းဝဝ) နာရီမိနစ် (၃ဝ) တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ မူကြိုခန်းမတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိဝန်ထမ်းများ၊ တောင်ကြီးမြို့တွင် ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး လူမှုဝန်ထမ်းလုပ်ငန်းရပ်များနှင့် ကယ်ဆယ်ရေးလုပ်ငန်းရပ်များ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပြောကြားခဲ့ပါသည်။ လူမှုဝန်ထမ်းဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်နေ သော လုပ်ငန်း များနှင့် ပတ်သက်၍လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနက ဘေးသင့်ပြည်သူများထံ ကယ်ဆယ်ရေး ပစ္စည်း၊ ထောက်ပံ့ငွေများ တိုက်ရိုက်အပြည့်အဝရောက်ရှိရေး အတွက်လည်းကောင်း၊ လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ လူမှုဝန်ထမ်း ဝန်ဆောင်မှုလုပ်ငန်း များနှင့် ဘေးအန္တရာယ်ကျရောက်မှု သတင်းအချက်အလက်များအတွက် သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရန် Hot Line နံပါတ်များဖြစ်သော ၀၆၇-၄၀၄၆၆၆/ ၀၆၇-၄၀၄၇၇၇ / ၀၆၇-၄၀၄၂၂၂ နှင့် ၀၆၇-၄၀၄၉၉၉ တို့ကို ဖော်ပြခဲ့ပြီး Mobile Phone များတွင် DAN Application နှင့် KOBO Application အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုနောက် ရှမ်းပြည်နယ် (တောင်ပိုင်း) လူမှှုဝန်ထမ်းရုံး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးရုံးမှ အရာထမ်း၊ အမှှုထမ်းများ၊ တောင်ကြီးမူလတန်းကြိုကျောင်း၊ ရပ်စောက်မူလတန်းကြိုကျောင်းနှင့် အောင်ပန်းမူလတန်းကြိုကျောင်းတို့မှ ဝန်ထမ်း များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ၄င်းတို့၏ လိုအပ်ချက်များကို မေးမြန်း၍ ဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြား ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၂) နှစ်မြောက်မွေးနေ့ (မြန်မာနိုင်ငံ ကလေးများနေ့) ဂုဏ်ပြုအထိမ်းအမှတ်အနေဖြင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်း သားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ကယ်ဆယ််ရေးနှင်‌့ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးနှင့် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည် နယ် (တောင်ပိုင်း) လူမှုဝန််ထမ်းဦးစီးဌာန၊ တောင်ကြီးမူလတန်းကြိုကျောင်းတွင် ရပ်ရွာအတွင်းရှိ မူကြိုအရွယ် ရင်သွေးငယ်လေးများအား ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းနှင်‌့ ပူးပေါင်း၍ ပဲနို့အာဟာရ တိုက်ကျွေးခဲ့ပါသည်။

ပဲနို့တိုက်ကျွေးနေစဉ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးငယ်များနှင်‌့ ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ လှူဒါန်းသောပုံပြင်စာအုပ်များ ကို ‌ဝေပေးခဲ့ပါသည်။     ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဒေါက်တာ အောင်သန်းမောင် က တောင်ကြီးမူလတန်းကြိုကျောင်းရှိ ကလေးမိဘများအား ပဲနို့အာဟာရနှင်‌့ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက တစ်နိုင်ငံလုံးတွင် ပဲနို့တိုက်ကျွေးရေး အာဟာရ စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:  MSWRR

Sign Up

Upcoming Events