လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇွန်လ (၂၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင် UN Women မှ Senior Gender Advisor ဖြစ်သူ Dr.Jean D’ Cunha အား အဆိုပါ ၀န်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၁၀)နှစ် စီမံကိန်း (၂၀၁၃-၂၀၂၂) ပါလုပ်ငန်းများ၊ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ အတွင်းမှာ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ဖြင့် နိုင်ငံခြားရေး၀န်ကြီးဌာနမှတဆင့်(UNCEDAW) ကော်မတီသို့ တင်သွင်းခဲ့သော စတုတ္ထနှင့် ပဉ္စမ အကြိမ်ပူးပေါင်း အစီရင်ခံစာပါလုပ်ငန်းများ၊ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ(မူကြမ်း) ရေးဆွဲနေမှု၊ ကျားမရေးရာတန်းတူညီမျှရေးဆိုင်ရာ သုတေသနစာတမ်းများ အခြေအနေ၊ လူမှုကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။
ဆက်လက်၍ Economic Research Institute for ASEAN and East Asia (ERIA)မှ ဥက္ကဌ ဖြစ်သူ Mr.Hidetoshi Nishimura ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ အမျိုးသားသဘာ၀ဘေး စီမံခန့်ခွဲမှုဥပဒေ ပြဌာန်းထားရှိမှုနှင့် နည်းဥပဒေပါလုပ်ငန်များ၊ မြန်မာနိုင်ငံ သဘာ၀ဘေးလျော့ပါးရေးစီမံချက်နှင့် တည်မြဲအမိန့်ပါ လုပ်ငန်းများ၊ အရေးပေါ် အခြေအနေကွပ်ကဲမှု ဗဟိုဌာန ဖွင့်လှစ်ထားရှိမှု၊ လူမှုစောင့်ရှောက်ရေးနှင့် သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်းလူငယ် စီမံကိန်းအား အကောင်အထည်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် စီမံချက်တွင်ပါ၀င်သော သဘာ၀ဘေး စီမံခန့်ခွဲမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ပထမဆုံး တစ်ခုတည်းသော ဟင်္သာတမြို့ သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်းအား ယခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အဖွဲ့အစည်းနှစ်ခုအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရှိရပါသည်။