လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ မူယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိရာ အဆိုပါလုပ် ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက်မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရောက်ရှိနေ သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာ အားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ၏ရန်ပုံငွေဖြင့် ဆောက်လုပ်လျှက်ရှိသည့် ပြည်နယ်ဦးစီးမှူးရုံးအဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံးအားလည်းကောင်း ကြည့်ရှုပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မော်လမြိုင် မူလတန်းကြိုကျောင်း အမှတ် (၁) နှင့် အမှတ် (၂) သို့သွားရောက်၍ ကလေးများအား မူကြိုနည်းပညာရပ်များနှင့်အညီ လူမှုဝန်ထမ်းနည်းလမ်းများနှင့် ပြုစုပျိုးထောင်ပေးရေး တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ပြီး ကလေးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။
ဆက်လက်၍ မော်လမြိုင်ကလေးပြုစုရေးဌာနသို့သွားရောက်၍ ပြုစုစောင့်ရှောက်ထားသော ကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကစားစရာနှင့် အာဟာရပဲနို့ရည်များကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် မော်လမြိုင်လူငယ် သင်တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်းသားများအား အဝတ်အထည်များ ထောက်ပံ့ပေးအပ်ကာ အခြေခံပညာနှင့် သက်မွေးပညာရပ်များ စနစ်တကျသင်ကြားပြုစုပျိုးထောင်ပေးရေး တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက် ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင် လူငယ်သင်တန်းကျောင်း ခန်းမ၌ကျင်းပ ပြုလုပ်သည့် အထူးစောင့်ရှောက်မှု လိုအပ်သော ကလေးများအတွက် လေ့ကျင့်သင်ကြားရေး ကျောင်းအဆောက်အဦ ပန္နက်တင်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်၍ ဂုဏ်သိက္ခာနှင့် ပြည့်စုံတဲ့ လူမှုအသိုက်အဝန်းတစ်ရပ်ဖြစ်ရန် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံနိုင်ရေးအတွက် ဆောင်ရွက်ရာမှာရေရှည်တည်တံ့တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများနှင့် ဆောင်ရွက် လျှက်ရှိကြောင်း မွေးကင်းစမှ သက်ကြီး ရွယ်အိုအထိ ပြည်သူများ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျှက်ရှိပါကြောင်း ကလေးသူငယ်တိုင်း ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး ၀ိုင်းဝန်းဖော်ဆောင်ပေးရမှာဖြစ်ကြောင်း၊ ဉာဏ် ရည်နှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှုနောက်ကျသော ကလေးများအတွက် ယခုဆောက်လုပ်ဖွင့်လှစ်မည့် သင်တန်းကျောင်းသည် လူမှုဝန်ထမ်းဦးစီးဌာနပိုင်မြေပေါ်တွင်ဖြစ်သော်လည်း ပြည်သူများ၏ဆန္ဒ၊ ပြည်သူများ၏ ရန်ပုံငွေဖြင့် ဆောက်လုပ်သည်ဖြစ်၍ ပြည်သူကပိုင်ဆိုင်သော သင်တန်း ကျောင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းက သင်တန်းကျောင်း ဖွင့်လှစ်ခြင်းဖြင့် ကလေးငယ်များ၏ အနာဂတ်ဘဝ လှပစေပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝ တိုးတက်မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ New Life Foundation နာယက ဖြစ်သူ ပါမောက္ခဒေါက်တာသိန်းအောင်က ယခုသင်တန်းကျောင်းသည် ကလေးများ၏ ဘဝတွင် အပြောင်းအလဲဖြစ်စေနိုင်မည်ဖြစ်၍ စာနာမှု၊ ကြင်နာမှု၊ ကျွမ်းကျင်မှုများဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်ပေးရန် လိုကြောင်းပြောကြားခဲ့သည်။
ယင်းနောက် အရှေ့တောင်တို်င်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းက လူငယ်သင်တန်း ကျောင်းအတွက် အဝတ် အထည်များအား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ သင်တန်း ကျောင်းဆောက် လုပ်ရန် ပြည်သူများက အလှူငွေများပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ပအို့တိုင်းရင်း သားရေးရာဝန်ကြီးတို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်လူမှုရေးဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့် အဖွဲ့သည် အထူးစောင့်ရှောက်မှုလိုအပ် သော ကလေးများအတွက် လေ့ကျင့်သင်ကြားရေး ကျောင်းအဆောက်အဦ ပန္နက်တင် အခမ်းအနားသို့ တက်ရောက်၍ သတ်မှတ်နေရာများတွင် ပန္နက်ရိုက်ပေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဖားအောက်တောရရိပ်သာ ဆရာတော်ကြီးနှင့် စွန်းလွန်းဓမ္မရိပ်သာ ဆရာတော်ကြီးတို့အား သွားရောက်ဖူးမျှော်၍ ဆရာတော်ကြီးများထံမှသြဝါဒခံယူကာ ဝန်ကြီးဌာနက လှူဒါန်းသော လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းအစည်းအဝေးခန်းမတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းများကို ပြည်သူနှင့် အနီးစပ်ဆုံးနေပြီး ပြည်သူယုံကြည်မှုရရှိအောင် ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်တွင်ပါရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအတွက် ငွေကြေးထောက်ပံ့ရေးအစီအစဉ်ကို ဖွံ့ဖြိုးမှုအနည်း ဆုံးဖြစ်သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် စတင် ဆောင်ရွက်မှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း ဆောင်ရွက်သွားမှာဖြစ် ကြောင်း မိမိတို့ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပွင့်လင်းမြင်သာထိရောက်စွာဖြင့် လူမှုအဖွဲ့အစည်းများက ကွန်ယက်သဖွယ်ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် သတင်းအချက်အလက်များ၊ အကြံပြုလိုသည်များရှိပါက Hot Line အမှတ် ၀၆၇ – ၄၀၄၂၂၂ ၊ ၄၀၄၆၆၆ ၊ ၄၀၄၇၇၇ တို့သို့ ဆက်သွယ်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်း (၅၁) ခု မှ ကိုယ်စားလှယ် (၁၁၀) ဦး ခန့် တက်ရောက်ခဲ့ပြီး ၎င်းတို့၏ အခက်အခဲများ၊ လိုအပ်ချက်များ၊ အကြံပြုချက်များအား ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ ရယူပေးပို့နိုင်သည့် DAN Mobile Application အား ရှင်းလင်းပြသကာ တက်ရောက်လာသူများ၏ လက်ကိုင်ဖုန်းများ အတွင်း ထည့်သွင်းပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင် (တောင်ဝိုင်း) ဘိုးဘွားရိပ်သာသို့သွားရောက်၍ အဘိုး၊ အဘွား (၅၀) ဦးအား ပုဆိုးနှင့် မဝတ်လုံချည် များပေးအပ်ကာ ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့ပါကြောင်း သတင်းရရှိပါသည်။