လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လွှတ်တော်ကိုယ်စား လှယ်များနှင့် အစိုးရအဆင့်မြင့် အရာရှိကြီးများအား တင်ပြဆွေးနွေးမှုသတင်း

3_pic02 3_pic03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်အား ပိုမိုကျယ်ကျယ် ပြန့်ပြန့်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရေးနိုင်ရေးအတွက် ဦးဆောင် ဝန်ကြီးဌာနတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာ လွှတ်တော်ကိုယ်စား လှယ်များနှင့် ဆက်စပ်ဝန်ကြီးဌာန များ၏ပူးပေါင်းဆောင်ရွက်မှုရရှိနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအား လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ တင်ပြဆွေးနွေးခြင်း ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား (၂.၂.၂၀၁၇) ရက်နေ့၌ နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ/နိုင်ငံသားများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေသလို မိမိတို့ ဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံသူ/နိုင်ငံသားတစ်ယောက်ချင်းစီ ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အို ဘဝအထိ ကြုံတွေ့ရနိုင် သည့် လူမှုစီးပွားဒုက္ခများကို ကူညီဆောင်ရွက်ပေးနိုင်ရေး ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ မဟာဗျူဟာစီမံချက်နှင့် အစီအစဥ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနကဦးဆောင်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်အား ရေးဆွဲအတည်ပြုထားခဲ့ပြီး ယခုအခါ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သည့် ရန်ပုံငွေ ရရှိရေးသည် အရေးကြီးပါကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်၌ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းမျာအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဥ်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင်လည်းကောင်း၊ သက်ကြီးရွယ်အို ငွေကြေးအထောက်အပံ့ပေးရေး အစီအစဥ်အား တစ်နိုင်ငံလုံးတွင်လည်းကောင်း၊ ဘက်စုံ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဥ်အား သက်မှတ်နယ်မြေများတွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေတိုးမြှင့်ရရှိရေး တွက်ချက်တင်ပြတောင်းခံ ထားပါကြောင်း ထည့်သွင်းဆွေးနွေး သွားခဲ့ပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ တင်ပြဆွေးနွေးခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီတာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Sign Up

Upcoming Events