
ရန်ကုန်၊ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ (၃၀)ရက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စားရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်၊ ရန်ကုန်တိုင်းပညာရေးမှူး ဦးကျော်စွာသွင်နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေတို့သည် (၂၉-၁-၂၀၁၇)ရက်နေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်ဖြင့် ပစ်သတ်ခြင်းခံရသော ဦးကိုနီ ကို သတ်ဖြတ်ခဲ့သည့် သေနတ်သမား တရားခံ ဦးကြည်လင်းအား လိုက်လံဖမ်းဆီးစဉ် တရားခံမှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် သေဆုံးသွားသူ ဦးနေဝင်း(ခ)ဦးဝင်းလွင် အသက်(၄၈)နှစ်၏ နေအိမ်သို့ (၃၀.၁.၂၀၁၇)ရက်နေ့ မွန်းတည့် (၁၂:၀၀)နာရီတွင် သွားရောက်ခဲ့ပြီး ကူညီထောက်ပံ့ငွေ (၁၀)သိန်းအား ဦးနေဝင်း၏ ဇနီးဖြစ်သူ ဒေါ်စုသက်ခိုင် ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့ပြင် ကျန်ရစ်သောသား(၃)ဦးအနက်မှ သားအလတ်ဖြစ်သူ မောင်လင်းလက်မြတ်ကျော် အသက်(၃)နှစ် ခြောက်လအား လူမှုဝန်ထမ်းဦးစီးဌာန မြောက်ဥက္ကလာပ မူလတန်းကြိုကျောင်းတွင် ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်ပေးခြင်းနှင့် အထူးအစီအစဉ်အဖြစ် အငယ်ဆုံး (၄၅)ရက်သား ကလေးငယ်အတွက် ၄င်းအသက်(၂)နှစ်ပြည့်သည်အထိ ခန္ဓာကိုယ် ကြီးထွားခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အာဟာရဖြည့်စွက်စားသုံးနိုင်ရန် လစဉ်ငွေ (၁၅,၀၀၀/-)ကျပ် ကိုထောက်ပံ့သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source – Yangon RRD