ယခုအချိန်ကာလသည် မြန်မာနိုင်ငံအနေဖြင့် မိုးဦးကာလမုန်တိုင်းရာသီဖြစ်ပြီး မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များကို အထူးသတိထားရမည့် အချိန်ကာလဖြစ်ပြီး အချိန် မရွေးဖြစ်ပွားနိုင်သည့် ငလျင်ဘေးအန္တရာယ်နှင့် ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်နိုင်သည့် ဆူနာမီဘေးအန္တရာယ်များအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်သည်နှင့်အညီ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ပြည်သူလူထုကိုယ်တိုင်ပါဝင်သည့် ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊မြို့နယ်အလိုက် ဒေသအတွင်းဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု များနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ၏ လမ်းညွှန်ချက်နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် (၁၅-၅-၂၀၁၅)ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့တွင် ပြည်သူလူထုကိုယ်တိုင်ပါဝင်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပါသည်။ထိုသို့ဆောင်ရွက်ရာတွင် မုန်တိုင်းဘေး၊ ရေကြီးနစ်မြှပ်ဘေး၊ ဆူနာမီဘေး၊မီးဘေးတို့ကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းအားဖြင့် ဒေသအလိုက်၊ရာသီဥတုအလိုက် ဖြစ်ပေါ်တတ်သော သဘာ ဝဘေးအန္တရာယ် ကျရောက်လွယ်သည့် အရပ်ဒေသများ၌ နေထိုင်ကြသည့် ပြည်သူ များအနေဖြင့် မုန်တိုင်းဘေး၊ ဆူနာမီဘေး ရေကြီးနစ်မြှပ်မှုဘေး အန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးချက်ရရှိပါက တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက် ဆောင်ရွက်ရမည့် အချက်များကို သိရှိနားလည်စေပြီး အချိန်တိုအတွင်း ဘေးလွတ်ရာ နေရာများသို့ အချိန်မီရွှေ့ပြောင်း ကယ်ဆယ်ဆောင်ရွက်နိုင်သည့် အကျိုးကျေးဇူးနှင့် ပြည်သူတစ်ဦးချင်း ဘေးဖြစ်ပွားချိန်တွင် လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရား များ၊ စီမံခန့်ခွဲသူများ၏ တာဝန်ဝတ္တရားများကို ကဏ္ဍအလိုက် သိရှိသွားကြသည့် အပြင် အချိန်မီကယ်ဆယ်ဆောင်ရွက်နိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။