လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသို့ရောက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သော မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မျက်မမြင်ကျောင်းသားများ၏ ကြိမ်၊ ဝါးသင်တန်းနှင့် အနှိပ်သင်တန်းများ ပို့ချသင်ကြားမှုအခြေအနေ ထပ်မံဆောင်ရွက်မည့် ကွန်ပျူတာနှင့် Audio Mixer သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ အခြားမိတ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို မျက်မမြင်သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုစုမာက ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဝင်းအတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းသို့ရောက်ရှိပြီး မူးယစ်ဆေးစွဲခြင်းနှင့်ပတ်သက်၍ ပြည်သူများသိရှိပြီး ပူးပေါင်းပါဝင်နိုင်ရေးအတွက် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်း၏လုပ်ငန်းများကို စီမံချက်အတိုင်းဆောင်ရွက်ရန်၊ မူးယစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆေးအမျိုးမျိုးတို့ကို သုံးစွဲခြင်းဖြင့်ရရှိလာမည့် ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင်စေရန်နှင့် မူးယစ်ဆေးရုံတွင် ဆေးစွဲသူများနှင့်ဆေးဖြတ်ကုသခံသူများထံ သွားရောက်၍ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ငန်းများကို မှန်ကန်ထိရောက်စွာ ဆောင်ရွက်ပေးခြင်းနှင့် မူးယစ်ဆေးစွဲခြင်း သံသရာမှ လွတ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနက စောင့်ရှောက်ထားသည့် အသက် (၅) နှစ်မှ (၁၀) နှစ်အတွင်းရှိ ကလေးငယ်များ၏ အနာဂါတ်ဘဝအတွက် ပညာရေးနှင့် အားကစားကဏ္ဍများတွင် ထူးချွန်လာစေရန် ဆောင်ရွက်မည့်အစီအစဉ်များမှ ပုဂ္ဂလိက လူမှုအဖွဲ့အစည်းတစ်ခုနှင့်ပူးပေါင်းကာ တင်းနစ်အားကစားနှင့်ပတ်သက်၍ ဆောင်ရွက်ရန် ပဏာမသရုပ်ပြလေ့ကျင့်ကစားခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် ကျောင်းဝင်းအတွင်းရှိ မသန်စွမ်းကလေးငယ်များ ပြုစုစောင့်ရှောက်ရေးဂေဟာတွင် ကလေးငယ်များ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပေးနေမှုများ၊ ကလေးငယ်များကို စိတ်ရှည်၍ နည်းစနစ်တကျ လေ့ကျင့်ပေးကြရန်နှင့် ကျွမ်းကျင်သောပြုစုစောင့်ရှောက်သူများကို ပျိုးထောင်ရေးအတွက် သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားရေးတို့ကို ပြောကြားကာ ကျောင်းဝင်းအတွင်းရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၊ မသန်စွမ်းသူများသက်မွေး အတတ်ပညာသင်ကျောင်းနှင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။