လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့်ဖွ့ံဖြိုးတိုးတက်ရေးလုပ်ငန်းများကိုစနစ်တကျဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့ လေဆိပ်အစည်းအဝေးခန်းမတွင်ပြုလုပ်သော ရခိုင်ပြည်နယ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီအစည်းအဝေးတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ယနေ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မောင်တောဒေသ မြောက်ပိုင်းရှိကျေးရွာများသို့ သွားရောက်ခဲ့ပြီး ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါကြောင်း၊ အထူးသဖြင့်လတ်တ လောပြင်းထန်အာဟာရချို့တဲ့ကလေးငယ်များ ရှိ/မရှိအခြေအနေနှင့် ပြီးခဲ့သောပဋိပက္ခအခြေ အနေများကြောင့် ဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးနှင့် စားဝတ်နေရေးအခြေအနေများကိုလေ့လာပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများ၊ ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအစီအစဉ်အရ လတ်တလော လိုအပ်သည့် စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အစိုးရအနေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။
ခရီးစဉ်အတွင်း မောင်တောဒေသမြောက်ပိုင်းရှိကျေးရွာ (၂၅) ရွာသို့ လေ့လာတွေ့ရှိ ချက်များအရစပါးများရိတ်သိမ်းခြွေလှေ့မှု လုပ်ငန်းများရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးနေမှု၊ ရိတ်သိမ်းပြီးသောလယ်ကွင်းများတွင် ကျက်စားနေသောရာနှင့်ချီသည့် နွားနှင့်ဆိတ်များကို လည်းကောင်း၊ စိမ်းစိုနေသောရာသီသီးနှံစိုက်ခင်းများကိုလည်းကောင်း၊ ငါး/ပုစွန်မွေးမြူရေး ကန်များတွင် ငါး/ပုစွန်များထွက်ရှိပြီး အဝယ်ဒိုင်များမှလာရောက် ရောင်းဝယ်နေမှုများ ဆောင်ရွက်နေမှုနှင့် ဒေသတွင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၏ လက်ရှိအခြေအနေ များကို လေ့လာတွေ့ရှိခဲ့ပါကြောင်း ပြောကြားပါသည်။
ထို့နောက် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင် ပြည်နယ်မောင်တောဒေသ၏ လက်ရှိလုံခြုံရေးအခြေအနေနှင့် UN၊ INGO အဖွဲ့ အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော UN၊ INGO အဖွဲ့အစည်းများက မိမိတို့ဆောင်ရွက်လိုသော လုပ်ငန်းများနှင့် ကြုံတွေ့ရသော အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က လိုအပ်ချက်များကိုညှိနှိုင်းဆွေးနွေးခဲ့ပါ သည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်စပ်သော မောင်တောမြို့ရှိနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းသို့လည်း သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ထို့နောက်ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အကောင် အထည်ဖော်ဆောင်ရွက်မည့် ကနဦးအထည်ချုပ်စက်ရုုံထူထောင်မည့် စစ်တွေမြို့ ဆပ်ရိုးကျ ရပ်ကွက်ရှိစိုင်တင် ရေအားလျှပ်စစ်စီမံကိန်းရုံးဟောင်းဝင်းအတွင်းရှိ အဆောက်အဦးနှင့် မြေ နေရာကို လှည့်လည်ကြည့်ရှု၍ လိုအပ်မည့်ရင်းနှီးမတည်ငွေ ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ညှိနှိုင်းပေးပြီး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: MSWRR