လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန  ပြည်ထောင်စု၀န်ကြီးဒေါက်တာ ၀င်းမြတ်အေး ရခိုင်ပြည်နယ် မောင်တောဒေသရှိ ကျေးရွာများသို့ ကြည့်ရှုထောက်ပံ့ခြင်း

 

9_pic01 9_pic02

ရခိုင်ပြည်နယ်  မောင်တောဒေသတွင်ရောက်ရှိနေသော လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာ၀န်ရှိသူများလိုက်ပါလျက် (၇-၁-၂၀၁၇) ရက်နေ့တွင် ဖားဝပ်ချောင်းရွာ၊ ငါးခူရရွာ၊ မြို့သစ်ရွာ၊ ကပ္ပကောင်းရွာ၊ ရေမျက်တောင်ရွာ၊ ငန်းချောင်းရွာ၊ စံပါယ်ကုံးရွာ၊ ဒိုးတန်းရွာ၊ ခြံပြင်ရွာ၊ စံပါယ်ပင်ရင်းရွာ၊ ရေတွင်းကျွန်းရွာ၊ ကျားခေါင်းတောင်ရွာ၊ ပွင့်ဖြူချောင်းရွာများသို့ သွားရောက်ပြီး ဒေသခံများနှင့်တွေ့ဆုံကာ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးအခြေအနေများနှင့်ပတ်သက်၍ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးရာ ဒေသခံများက ပြီးခဲ့သောပဋိပက္ခအခြေအနေများကြောင့် ကျေးရွာများတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စု၀န်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ နယ်မြေငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို   တိုးတက်ကောင်းမွန်အောင်  ဆောင်ရွက်လျက်ရှိပြီး ပိုမိုကောင်းမွန်သော    လူနေမှုစနစ်ဖြစ်ပေါ်လာစေရေးအတွက်   ဆောင်ရွက်ပေးမည့် အစီအမံများနှင့် လုပ်ငန်းများအောင်မြင်စွာ အကောင်းအထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါ၀င်ကြရန် ဆွေးနွေးပြီး ရင်းနှီးပွင့်လင်းစွာ အားပေးစကားပြောကြားပါသည်။

ထို့နောက်   ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည်   လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်အရ လတ်တလောစားသုံးနိုင်ရန်အတွက် ဆန်၊ ပဲနှင့် ကလေးငယ်များအတွက် အာဟာရမုန့်နှင့် ကစားစရာအရုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယနေ့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့မှု စုစုပေါင်းတန်ဖိုးမှာ ကျပ် (၉၈) သိန်းခန့်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events