ပြည်သူ့အစိုးရအဖွဲ့သစ်အနေနဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဥပဒေနှင့်အညီ ပြည်သူကို အကာအကွယ်ပေးနိုင်တဲ့အုပ်ချုပ်စီမံမှုစနစ်ပေါ်ပေါက်ရေး၊ တိုင်းရင်းသားအားလုံးစုစည်းပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးနှင့် ပြည်သူအားလုံးလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်လာရေးကိုဆောင်ရွက်လျှက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစမှ သက်ကြီးရွယ်အိုအထိလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပြည်သူနဲ့ အနီးစပ်ဆုံးနေပြီးပြည်သူယုံကြည်မှုရရှိအောင် လုပ်ငန်းများအား ဥပဒေ၊ နည်း ဥပဒေများ၊ မူဝါဒများနှင့်အညီအစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့်ပြည်သူများပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးပြည်နယ်အတွင်းရှိလူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကွန်ယက်တစ်ခုထူ ထောင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရသည် ပြည်သူ့အစိုးရဖြစ်သည့်အတွက် ပြည်သူများတွင်ပါဝင်သောလူငယ်များ၏ အစိုးရ လည်းဖြစ်ပါကြောင်း၊ လူငယ်များသည် အနာဂတ်အတွက် အရေးကြီးသူများဖြစ်၍ စနစ်တကျစုစည်းပျိုးထောင်ပေးရေးနှင့် အကျိုးရှိပြီး လက်တွေ့ ကျတဲ့ လူငယ်မူဝါဒတစ်ရပ်ပေါ်ပေါက်လာစေရေးဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ လူငယ်မူဝါဒရေးဆွဲရာတွင် လူငယ်ထုရဲ့ဆန္ဒဖြင့် ရွေး ကောက်ထားတဲ့ လူငယ်ကိုယ်စားလှယ်များအနေနဲ့ အများဆန္ဒနှင့်အညီဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အနည်းစုရဲ့ဆန္ဒကိုလည်း အလေးထားရမည် ဖြစ်ကြောင်း၊ လူငယ်မူဝါဒစနစ်တကျပေါ်ပေါက်လာစေရေးလူငယ်ထုတစ်ရပ်လုံးနှင့် လူငယ်ကိုယ်စားလှယ်များက ညီညီညွှတ်ညွှတ်ဆောင်ရွက်နေ သည်ကိုတွေ့မြင်သိရှိရ၍ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်၍ လူငယ်မူဝါဒကိုလူငယ်များကိုယ်တိုင်ပါဝင်ရေးဆွဲရေး ထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ကယားပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးဆောင်ရွက်လျှက်ရှိပါ ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ လူငယ်ကိုယ်စားလှယ်များက ၄င်းတို့၏ လိုလားချက်၊ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအမံများအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် များ ရယူပေးပို့နိုင်သော DAN MobileApplicationနှင့် KOBO Mobile Application အသုံးပြုပုံများကို ရှင်းလင်းပြောကြာပြီး တက်ရောက် လာသူများ၏ လက်ကိုင်ဖုန်းများသို့ Mobile Application များထည့်သွင်းပေးပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူငယ်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ပါသည်။
မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်မူလတန်းကြိုကျောင်းနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံတို့ကို သွားရောက် ကြည့်ရှုပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: MSWRR