၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ”ကို အောက်ပါ အတိုင်း ထုတ်ပြန်ထားပါသည်-
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
“ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၄-၁၁-၂၀၂၅ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့၌ မုန်တိုင်းငယ် (Depression) အဖြစ် သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတဆင့် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”