ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေသတင်း အမှတ်စဉ် (၆/၂၀၂၅)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေသတင်း အမှတ်စဉ် (၆/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေသတင်း အမှတ်စဉ် (၆/၂၀၂၅)

(က)    ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ

ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံကုန်းတွင်းပိုင်း ဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း “ခန့်မေဂီ (KALMAEGI)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပါသည်။

(ခ)    နောက် ၁၂ နာရီအတွင်းခန့်မှန်းချက်

အဆိုပါကုန်းတွင်းမုန်တိုင်းငယ်သည်ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် လေဖိအားနည်းဆဲလ် အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ)   သတိပေးနှိုးဆော်ချက်

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်  ၈-၁၁-၂၀၂၅ ရက်နေ့မှ ၁၀-၁၁-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူ တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွား လာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

 

Sign Up

Upcoming Events