လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

 

29_Pic_01

ဖေဖော်ဝါရီ ၂၈၊ နေပြည်တော်

မြန်မာနိုင်ငံတွင် နှစ်စဉ် ဖေဖော်ဝါရီလလယ်ပိုင်းခန့်မှစ၍ မေလလယ်ခန့်အထိ လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်လေ့ရှိရာ လေပြင်းဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်း သက်သာစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ နှစ်စဉ်လေပြင်းတိုက်ခတ်မှုများကြောင့် အိုးအိမ် အဆောက်အဉီများ ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း၊  ၂၀၁၆ခုနှစ်၊ ၂၀၁၇ခုနှစ်၊ ၂၀၁၈ခုနှစ်တို့တွင် တစ်နှစ်လျင် ပျမ်းမျှအားဖြင့် အိမ်ပေါင်း (၄၃,၀၀၀)ကျော် အမိုးအကာများ ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ လေပြင်းဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ အားဖြည့်ပြင်ဆင်ပေးခြင်းတို့ကို ၂၀၁၆ခုနှစ်မှစ၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လေပြင်းဘေးဖြစ်ပွားမှုများပြားသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုဆောင်ရွက်မှုများကြောင့် ၂၀၁၉ခုနှစ်တွင် အိမ်ပေါင်း(၃၇,၀၀၀)ကျော်ခန့်သာ ပျက်စီးခဲ့သဖြင့် ပျက်စီးမှုတဖြေးဖြေးလျော့နည်းခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ယခင်ကာလများထက် ပျက်စီးမှုလျော့နည်းစေရန် လေပြင်းဘေးကြိုတင် ဆောင်ရွက်မှုများကို မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ဒေသကြီးများ နှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိရောက်စွာ ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် ယခင်နှစ် အတွေ့အကြုံများအပေါ်မူတည်၍ လိုအပ်ချက်များကို တင်ပြကြရန်နှင့် လေပြင်းဘေးကြောင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးကို အလေးအနက်ထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မှုအပေါ် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်  မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ အားဖြည့်ပြင်ဆင်ပေးခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ လူမှုရေးအဖွဲ့များ၊ ပြည်သူများ ၏ ပါဝင်မှုဖြင့် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_feb 2020

 

Sign Up

Upcoming Events